သတင်း နှင့် မီဒီယာ

သတင်း

ပီတီတီအီးပီ မှ ၂၀၂၀ ပြည့်နှစ်၏ ပထမ နှစ်ဝက်ကာလအတွက် အသားတင်အမြတ်ငွေ အမေရိကန်ဒေါ်လာ ၄၀၉ သန်း ရရှိပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခက်ခဲသောအခြေအနေကြားထဲမှ စီးပွားရေးဆိုင်ရာအစီအစဉ်များ ပိုမိုကောင်းမွန်စေရန် ပြန်လည်ပြင်ဆင်ရေးဆွဲခဲ့

12 Aug 2020

ပီတီတီအီးပီ မှ ၂၀၂၀ ပြည့်နှစ်၏ ပထမ နှစ်ဝက်ကာလအတွက် အသားတင်အမြတ်ငွေ အမေရိကန်ဒေါ်လာ ၄၀၉ သန်း ရရှိပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာ 

ခက်ခဲသောအခြေအနေကြားထဲမှ စီးပွားရေးဆိုင်ရာအစီအစဉ်များ ပိုမိုကောင်းမွန်စေရန် ပြန်လည်ပြင်ဆင်ရေးဆွဲခဲ့ 

 

မြန်မာ၊ သြဂုတ်လ ၁၂ ရက်၊ ၂၀၂၀။          ။ ပီတီတီအီးပီ သည် တစ်ကမ္ဘာလုံးတွင် ဖြစ်ပွားလျက်ရှိသော ရေနံဈေးနှုန်းကျဆင်းမှုအခြေအနေများနှင့် COVID-19 ကပ်ရောဂါပျံ့နှံ့မှုစသည့် စိန်ခေါ်မှုများကြားထဲမှ ကြားဖြတ်အမြတ်ဝေစု ပေးချေမှုအတွက် ရှယ်ယာတစ်စောင်လျှင် ၁.၅ ဘတ် (မြန်မာငွေ ၆၆ ကျပ်) ထုတ်ပေးရန် ခွင့်ပြုထားကြောင်းနှင့်အတူ ပထမနှစ်ဝက်ကာလအတွက် အသားတင်အမြတ်ငွေမှာ အမေရိကန်ဒေါ်လာ ၄၀၉ သန်း (မြန်မာကျပ်ငွေ ၅၅၆ ဘီလီယံ) ရရှိခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။

ဆက်လက်ပြီး ကုမ္ပဏီ၏ ရေရှည် ဖွံ့ဖြိုးတိုးတက်မှုအတွက်သာမက လက်ရှိနှင့် အနာဂတ်စိန်ခေါ်မှုများကိုပါ ကျော်လွှားနိုင်ရန်အတွက် စီးပွားရေးဆိုင်ရာအစီအစဉ်များကို ပိုမိုကောင်းမွန်အောင် ပြန်လည်ပြင်ဆင်ရေးဆွဲ ခဲ့ပါသည်။

ပီတီတီရေနံရှာဖွေရေးနှင့် ထုတ်လုပ်ရေး အများပိုင် ကုမ္ပဏီလီမိတက် (ပီတီတီအီးပီ) ၏ ဥက္ကဋ္ဌ နှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Phongsthorn Thavisin က ယခုနှစ်၏  ပထမ နှစ်ဝက်တွင် ပီတီတီအီးပီ ၏ စုစုပေါင်း ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၂,၇၇၉ သန်း (မြန်မာကျပ်ငွေ ၃,၇၇၉ ဘီလီယံ) ရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်ကာလတူတွင် ရခဲ့သည့် ဝင်ငွေ အမေရိကန်ဒေါ်လာ ၃,၀၀၁ သန်း (မြန်မာကျပ်ငွေ ၄,၀၈၁ ဘီလီယံ) နှင့် နှိုင်းယှဉ်ကြည့်သော် ၇ ရာခိုင်နှုန်းအောက် လျော့ကျခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်၏ ပထမ နှစ်ဝက်တွင် တစ်ရက်ပျမ်းမျှရေနံစည် (BOED) ရောင်းအား ၃၄၅,၂၀၇ စည် မှာ ယခင်နှစ် နှစ်ဝက်တွင် လုပ်ငန်းပေါင်းစပ်၀ယ်ယူထားသော မလေးရှားနိုင်ငံ ရှိ Murphy Oil Corporation ၏ လုပ်ငန်းနှင့် Partex Holding B.V တို့၏ ကာလတူ နှစ်ဝက်ရောင်းအား ၃၂၆,၉၇၁ စည်နှင့် နှိုင်းယှဉ်ကြည့်ပါက ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။

ယခုနှစ် မတ်လအစောပိုင်းကာလတွင် COVID-19 ဖြစ်ပွားမှုတို့အပြင်  ဆော်ဒီအာရေဘီးယားနှင့် ရုရှား တို့ကြား ရေနံစစ်ပွဲကြောင့် တစ်ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ဝယ်လိုအား တစ်ဟုန်ထိုးကျဆင်းနေချိန်အတွင်း မှာပင် ကမ္ဘာ့ရေနံဈေးနှုန်းမှာလည်း ယခုနှစ်အစောပိုင်းကာလတွင် ၅၀ ရာခိုင်နှုန်းကျော်ခန့် ထိုးကျခဲ့ပါသည်။  ထို့ကြောင့် ပီတီတီအီးပီ၏ ပျမ်းမျှရောင်းအားသည် ယခုနှစ် ရေနံတစ်စည် (BOE) ဈေးနှုန်း အမေရိကန်ဒေါ်လာ ၄၀.၁၅ (မြန်မာငွေ ၅၄,၆၀၄ ကျပ်) ဖြစ်ပြီး  ယမန်နှစ် ကာလတူ ရေနံတစ်စည် (BOE) ဈေးနှုန်း အမေရိကန်ဒေါ်လာ ၄၇.၂၆ (မြန်မာငွေ ၆၄,၂၇၃ ကျပ်) နှင့်နှိုင်းယှဉ်ကြည့်ပါက ၁၅ ရာခိုင်နှုန်း လျော့ကျသွားခဲ့သည်။ မည်သို့ပင်ဖြစ်စေ ကုမ္ပဏီ၏ ရေနံရောင်းဈေးကျဆင်းမှုသည် ကမ္ဘာ့ရေနံစိမ်းရောင်းဈေးကျဆင်းမှုနှင့် ယှဉ်ကြည့်လျှင် ပိုမိုခံသာသည့်အကြောင်းအရင်းမှာ သဘာဝဓာတ်ငွေ့ဈေးနှုန်းကို ပြီးခဲ့သည့် ၆လ မှ ၂၄လ အတွင်း ဖြစ်ပေါ်ခဲ့သည့် ပျမ်းမျှ စက်သုံးဆီ ဈေးနှုန်းတို့အပေါ် အခြေခံပြီး ပြင်ဆင်ခဲ့သည့် အရောင်းအဝယ်စာချုပ်အတိုင်း ဈေးနှုန်းများကို သတ်မှတ်ထားနိုင်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ သို့ဖြစ်ရာ ကျန်ရှိသည့် ကုမ္ပဏီ၏ စုစုပေါင်း အရောင်းပမာဏ ၏ ၃၀ ရာခိုင်နှုန်းခန့်သည် ရေနံစိမ်းရောင်းအားဖြစ်ပြီး  ရေနံဈေး မတည်ငြိမ်မှုကြောင့် ကုမ္ပဏီသည် ရေနံရောင်းချမှုအချို့ကို ရောင်းသူဝယ်သူ နှစ်ဦးနှစ်ဖက်သဘောတူညီမှုရယူထားသည့် ဈေးနှုန်းများဖြင့်သာရောင်းချပေးလျက်ရှိသည်။ ထို့အပြင် ပီတီတီအီးပီသည်  ကနေဒါနိုင်ငံရှိ Mariana Oil Sands စီမံကိန်းတွင်လည်း အရောင်းအဝယ်နည်းပါးမှုတို့ကို ညွှန်ပြလျက်ရှိသည့် ရေနံဈေးနှုန်းကြာရှည်ကျဆင်းမှု ကြိုတင်ခန့်မှန်းချက်အရ  အမေရိကန်ဒေါ်လာ ၄၇ သန်း (မြန်မာကျပ်ငွေ ၆၄ ဘီလီယံ) အရှုံးပေါ်ခဲ့ကြောင်း သိရှိခဲ့ပါသည်။

ဆက်လက်၍ ပီတီတီအီးပီအနေဖြင့် ကုမ္ပဏီ၏ အသားတင်အမြတ်ငွေကို အမေရိကန်ဒေါ်လာ ၄၀၉ သန်း (မြန်မာကျပ်ငွေ ၅၅၆ ဘီလီယံ) ဟု ၂၀၂၀ ပြည့်နှစ်၏ ပထမနှစ်ဝက်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ ထိုအမြတ်ငွေသည် ယမန်နှစ် ကာလတူ အမေရိကန်ဒေါ်လာ ၈၂၇ သန်း (မြန်မာကျပ်ငွေ ၁,၁၂၅ ဘီလီယံ) နှင့် နှိုင်းယှဉ်ပါက ၅၁ရာခိုင်နှုန်း လျော့နည်းခဲ့ပါသည်။ ရေနံတစ်စည် (BOE) ကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ ၃၀ (မြန်မာငွေ ၄၀,၈၀၀ ကျပ်) ရှိပြီး ကုမ္ပဏီ၏ သတ်မှတ်ချက်အရ EBITDA (အတိုး၊ အခွန်၊ တန်ဖိုးလျော့နှင့် အရစ်ကျသုံးငွေများ ထည့်မတွက်မိ) အမြတ်အစွန်း ၇၀ရာခိုင်နှုန်းခန့် ရှိပါသည်။

၂၀၂၀ ပြည့်နှစ်၏ ဒုတိယသုံးလပတ်ကာလတွင် ပီတီတီအီးပီသည် စုစုပေါင်း ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၁,၀၉၅ သန်း (မြန်မာကျပ်ငွေ ၁,၄၈၉ ဘီလီယံ) ရရှိခဲ့ပြီး အသားတင်အမြတ်ငွေမှာ အမေရိကန်ဒေါ်လာ ၁၃၄ သန်း (မြန်မာကျပ်ငွေ ၁၈၂ ဘီလီယံ) ရရှိခဲ့သည်။ ထိုသို့အမြတ်နည်းရခြင်းမှာ အဓိကအားဖြင့် အရောင်းပမာဏနှင့် ပျမ်းမျှအရောင်းဈေးနှုန်းကျဆင်းမှုတို့ကြောင့်ဖြစ်ပြီး COVID-19 ကူးစက်ရောဂါ၏ ရိုက်ခတ်မှုကြောင့် စွမ်းအင်လိုအပ်ချက်လျော့နည်းသွားခြင်းနှင့် ကမ္ဘာ့ရေနံဈေးကျဆင်းသွားခြင်းတို့ကြောင့် ဖြစ်ပါသည်။

ခွင့်ပြုထားသည့် ကြားဖြတ်အမြတ်ဝေစုပေးချေမှု ရှယ်ယာတစ်ခုအတွက် ၁.၅ ဘတ် (မြန်မာငွေ ၆၆ကျပ်)

အထက်တွင်ဖော်ပြခဲ့သော အချက်အလက်များအရ ဇူလိုင် ၃၀ ရက်၊ ၂၀၂၀ ပြည့်နှစ်တွင် ဒါရိုက်တာအဖွဲ့ဝင်များဟာ ပထမနှစ်ဝက်အတွက် ကြားဖြတ်အမြတ်ဝေစုပေးချေမှုကို တစ်ခုလျှင် ၁.၅ ဘတ် (မြန်မာငွေ ၆၆ ကျပ်) ပေးရန် ခွင့်ပြုခဲ့သည်။ သက်ဆိုင်သော အစုရှယ်ယာရှင်များအနေဖြင့်အဆိုပါ အမြတ်ဝေစု ပမာဏကို ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၁၄ ရက်နေ့တွင် သိရှိရမည်ဖြစ်ပြီး သြဂုတ်လ ၂၈ ရက် မှသာ အမြတ်ဝေစု ငွေပေးချေမှုပြုလုပ် သွားမည်ဖြစ်သည်။

ရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးမည့် မဟာဗျူဟာကို ပြန်လည်ပြင်ဆင်ရေးဆွဲခြင်း

ဆက်လက်ပြီး Mr. Phongsthorn က “COVID-19 ရဲ့ ရိုက်ခတ်မှု နဲ့အတူ ရေနံဈေးအကျပ်အတည်း အခြေအနေတွေက ပြည်တွင်းစွမ်းအင်လိုအပ်ချက်ကို လျော့ကျစေခဲ့ပါတယ်။ သူ့ရဲ့ နောက်ဆက်တွဲ ရလဒ်ကတော့ ပီတီတီအီးပီ အနေနဲ့ ၂၀၂၀ ပြည့်နှစ်အတွက် တစ်ရက်ပျမ်းမျှ ရေနံစည် (BOED)  အရောင်းလျာထားချက်ကို ၃၅၅,၀၀၀ စည် ဆိုပြီး ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။ ဒါကတော့ မနှစ်က ရောင်းဖို့ လျာထားခဲ့တဲ့ တစ်ရက်ပျမ်းမျှ ရေနံစည် အရောင်းလျာထားချက်နဲ့ ယှဉ်လိုက်ရင် ၉ ရာခိုင်နှုန်းလောက် လျော့ကျသွားခဲ့ပါတယ်။ ရှေ့ဆက်မယ့် လုပ်ငန်းဆောင်တာများနဲ့ နိုင်ငံတော်ရဲ့ စွမ်းအင်လိုအပ်ချက်တွေ ထောက်ပံ့ပေးနေမှုများအပေါ်ရိုက်ခတ်မှု မရှိနိုင်တဲ့ အချို့သော စီမံကိန်းတွေရဲ့ တူးဖော်ရေးလုပ်ငန်းစဉ်များကို ဆိုင်းငံ့ပြီး အခြားသော လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အသုံးစရိတ်တွေကိုပါ လျှော့ချခဲ့ပါတယ်။ ဒါကြောင့် ကုမ္ပဏီအနေနဲ့ စုစုပေါင်း လုပ်ငန်းသုံး အသုံးစရိတ်တွေကို ၂၀၂၀ပြည့်နှစ်အတွက် ကုန်ကျမယ့် အသုံးစရိတ် ကနဦး လျာထားချက် အမေရိကန်ဒေါ်လာ ၄,၆၁၃ သန်း (မြန်မာကျပ်ငွေ ၆,၂၇၄ ဘီလီယံ) ကို ၁၅-၂၀ ရာခိုင်နှုန်းအောက် လျှော့ချနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကုမ္ပဏီအနေနဲ့ စီးပွားရေးစိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့နဲ့ ရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးမှုကို ထောက်ပံ့ရန်အတွက် ကျွန်တော်တို့ရဲ့ စီးပွားရေးနည်းဗျူဟာကို ပိုမိုကောင်းမွန်စေရန် ပြန်လည်ရေးဆွဲခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

 “ပီတီတီအီးပီ အနေနဲ့ COVID-19 ကပ်ရောဂါ ရဲ့ ရိုက်ခတ်မှုကြောင့် ပြောင်းလဲလာတဲ့  ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ဆိုင်ရာ လုပ်ငန်းအနေအထားတွေအပေါ် အဆက်မပြတ် စောင့်ကြည့်အကဲဖြတ်နေပါတယ်။ ဒါကြောင့်လည်း လုပ်ငန်း ရေရှည်ဖွံဖြိုးတိုးတက်ရေးနဲ့ လုပ်ငန်းချင်း ယှဉ်ပြိုင်နိုင်စွမ်းတို့ ဆက်လက် အဓွန့်ရှည်စေရန် ချမှတ်ထားတဲ့ ၂၀၃၀ ရည်မှန်းချက်ပန်းတိုင်ကို  တက်လှမ်းနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ နည်းဗျူဟာကို ပိုမိုအောင်မြင်အောင် ပြန်လည်ရေးဆွဲနိုင်ခဲ့ပါတယ်။ အလျင်အမြန်ပြောင်းလဲမှုတွေနဲ့ရင်ဆိုင်နေရတဲ့ လက်ရှိ စီးပွားရေးဝန်းကျင်အောက်မှာ  ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေကတော့ စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေဦးမှာပါ။  အဲ့လို  ပြန်လည်ပြင်ဆင်ထားတဲ့အစီအစဉ်များအရ ကျွန်တော်တို့ ကုမ္ပဏီက လုပ်ငန်း၏ထိပ်တန်းအဆင့်သို့ရောက်ရှိရန် ကုန်ထုတ်လုပ်မှု တစ်ခုချင်းစီအလိုက် ကုန်ကျစရိတ်လျှော့ချခြင်းတို့ကို ဆက်လက် အလေးထားဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ယခုလို ဆောင်ရွက်ခြင်းအားဖြင့် ရေနံရှာဖွေရေးနဲ့ ထုတ်လုပ်ရေးဆိုင်ရာ စီမံကိန်းများအတွက် ရင်းနှီးမြှပ်နှံမှုများနှင့် အခြားလုပ်ငန်းပေါင်းစပ်ဝယ်မှုတို့အတွက်  ပံ့ပိုးပေးနိုင်တဲ့ ငွေသားစီးဆင်းမှုတို့ကို စဉ်ဆက်မပြတ် ထိန်းသိမ်းထားနိုင်တာမို့လို့ ကမ္ဘာ့ရေနံဈေးနှုန်း မတည်ငြိမ်မှုတွေအပေါ်  ကုမ္ပဏီအနေနဲ့ တောင့်ခံထားနိုင်မှာပါ။ ကျွန်တော်တို့ရဲ့ အဓိက ရင်းနှီးမြှုပ်နှံထားတဲ့ လုပ်ငန်းတွေကတော့ ထိုင်း၊ မြန်မာ၊ မလေးရှားနှင့် အရှေ့အလယ်ပိုင်းဒေသတို့မှာ ဖြစ်ပါတယ်။ ကုမ္ပဏီအနေဖြင့် ပျမ်းမျှထုတ်လုပ်မှုနှုန်း (CAGR) ကို ၅ ရာခိုင်နှုန်းမှာ တည်ရှိနေဖို့ ရည်မှန်းထားပြီး ခုနစ် နှစ်အတွင်း ရေနံသိုက်မှ ရေနံထုတ်လုပ်နိုင်မှုအချိုး (R / P အချိုး) ကိုထိန်းသိမ်းဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်။ ပီတီတီအီးပီအနေနဲ့   စွမ်းအင်အသွင်ကူးပြောင်းမှုဆိုင်ရာ စိန်ခေါ်မှုများ ကျော်လွှားနိုင်ဖို့နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုများ ဖန်တီးပုံဖော်နိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ ပင်မစီးပွားရေးလုပ်ငန်းအပြင် သဘာ၀ ဓာတ်ငွေ့အရည် (LNG) တူးဖော်ခြင်းနဲ့ ထုတ်လုပ်ခြင်းတို့ ပိုမိုတိုးမြှင့်လုပ်ဆောင်သွားနိုင်မယ့် စီးပွားရေး အခွင့်အလမ်း သာမက စွမ်းအားထုတ်လုပ်မှုဆိုင်ရာ၊  စက်ရုပ် နည်းပညာဆိုင်ရာနဲ့ ဉာဏ်ရည်တု နည်းပညာဆိုင်ရာ စတဲ့ စီးပွားရေးလုပ်ငန်းအသစ်များမှာပါ ရင်းနှီးမြှပ်နှံသွားနိုင်မယ့် အခွင့်အလမ်းများကိုလည်း ရှာဖွေနေပါတယ်။ အဲဒီ စီးပွားရေးလုပ်ငန်းအသစ်များမှတစ်ဆင့် ကုမ္ပဏီရဲ့ အသားတင် အမြတ်ငွေထဲကို ၂၀ ရာခိုင်နှုန်း ထည့်ဝင်နိုင်ဖို့ ရည်မှန်းထားပါတယ်” ဟု Mr. Phongsthorn က ဆက်လက် ပြောကြားခဲ့သည်။

ထို့အပြင် ပီတီတီအီးပီသည် ဒစ်ဂျစ်တယ်နည်းပညာ အကူအညီ နှင့်အတူ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီအစဉ်များဖြင့် လုပ်ငန်းတွင်း လုပ်ထုံးလုပ်နည်းများကို လူနေမှုပုံစံအသစ် (New Normal) အတိုင်း ပြုမူနိုင်ရန် ပြောင်းလဲပေးလျက်ရှိပါသည်။ အဆိုပါ လုပ်ဆောင်မှုများမှတစ်ဆင့် လုပ်ငန်းခွင်လုပ်ငန်းစဉ်များနှင့် ထုတ်လုပ်မှုကုန်ကျစရိတ်များအပေါ်လည်း ထိရောက်စွာ ဆောင်ရွက်လျက်ရှိသည်။

 
ပီတီတီအီးပီမြန်မာ့စီမံကိန်း အကြောင်း 

ပီတီတီအီးပီမြန်မာ့စီမံကိန်း သည် မြန်မာနိုင်ငံတွင် လုပ်ငန်းလည်ပတ်ဆောင်ရွက်နေသည့် ကုမ္ပဏီ တစ်ခုဖြစ်ပါ သည်။ မိမိလုပ်ငန်းလည်ပတ်ဆောင်ရွက်ရာနိုင်ငံများအတွက် ရေရှည်တည်တံ့သည့် ရေနံဓာတုပစ္စည်းများ  ဖြည့် ဆည်းပေးနိုင်ရန် အဓိကဦးတည်ဆောင်ရွက်နေသော၊ ထိုင်းနိုင်ငံရေနံရှာဖွေရေးနှင့် ထုတ်လုပ်ရေးကုမ္ပဏီ ကြီးဖြစ်သည့် PTT Exploration and Production Public Company Limited (ပီတီတီအီးပီ) ၏ လုပ်ငန်းခွဲကုမ္ပဏီ တစ်ခုဖြစ်ပါသည်။ ထိုင်းနိုင်ငံ၏ Stock Exchange တွင် ထိပ်တန်းကုမ္ပဏီ ၁၀ ခုစာရင်းဝင် အများပိုင်ကုမ္ပဏီ တစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝန်းတွင်  ရေနံရှာဖွေထုတ်လုပ်ရေးစီမံကိန်း များ ဆောင်ရွက်နေပါသည်။