သတင်း နှင့် မီဒီယာ

သတင်း

ပီတီတီအီးပီမြန်မာ့စီမံကိန်းက မြန်မာကျောင်းသား ၂၀ ဦးအား အမေရိကန်ဒေါ်လာ ၂၀၀,၀၀၀ တန်ဖိုးရှိသည့် အဆင့်မြင့်သက်မွေးပညာ ဒီပလိုမာပညာသင်ဆု ချီးမြှင့်

25 Oct 2019

၂၅ အောက်တိုဘာလ ၂၀၁၉၊ ရန်ကုန်၊ မြန်မာ။ – ရန်ကုန်မြို့ Pullman Yangon Centrepoint ဟိုတယ်တွင် ယနေ့ကျင်းပသော ၂၀၁၉ ခုနှစ်အတွက် ပညာသင်ဆု ပေးအပ်ချီးမြှင့်ပွဲအခမ်းအနား၌ ပီတီတီအီးပီမြန်မာ့စီမံကိန်းမှ မြန်မာကျောင်းသား ၂၀ ဦးအား အဆင့်မြင့်သက်မွေးပညာ ဒီပလိုမာပညာသင်ဆု (HVD) ကို ပေးအပ်ခဲ့ပါသည်။ ဆုပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးသန်းဇော်၊ ပညာရေးဝန်ကြီးဌာနမှ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၏  ညွှန်ကြားရေးမှူး နှင့် ကျောင်းအုပ်ကြီးဖြစ်သူ ဒေါက်တာ မျိုးသူရ နှင့် PTT Group ၏ နိုင်ငံတကာစျေးကွက်ဖော်ဆောင်ရေး အကြီးတန်းဒုဥက္ကဌ (Senior Executive Vice President) ဖြစ်သူ Mr. Wisarn Chawalitanon တို့ ကြွရောက်ချီးမြှင့်ပေးခဲ့ပါသည်။
 
PTT Group နှင့် ၎င်း၏လုပ်ငန်းခွဲ subsidiaries[1] များက စတင်ဖော်ဆောင်ခဲ့သော HVD ပညာသင်ဆုအစီအစဉ်ကို မြန်မာနိုင်ငံ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့၏ ပံ့ပိုးမှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ၂၀၁၃ ခုနှစ်တွင် စတင်ခဲ့ပါသည်။ အဆိုပါအစီအစဉ်အရ အစိုးရစက်မှုလက်မှုသိပ္ပံ (AGTI) မှ အရည်အချင်းပြည့်မီသော မြန်မာကျောင်းသားများသည် ထိုင်းနိုင်ငံ Rayong ရှိ IRPCT နည်းပညာကောလိပ်တွင် သက်မွေးပညာရပ်နှင့် လေ့ကျင့်သင်ကြားမှုကို သုံးနှစ်ကြာ သင်ယူရပါမည်။

၂၀၁၉ ခုနှစ်သည် PTT Group မှ မြန်မာနိုင်ငံအတွက် အပြည့်အဝကမ်းလှမ်းပေးအပ်သည့် နှောင်ကြိုးမဲ့ ပညာသင်ဆုအစီအစဉ်၏ သတ္တမမြောက်နှစ်လည်း ဖြစ်ပါသည်။ ယခုအချိန်အထိ အမေရိကန်ဒေါ်လာ ၁.၉၆ သန်းတန်ဖိုးရှိ ပညာသင်ဆုပေါင်း ၁၇၀ ကို မြန်မာကျောင်းသားများအား ပေးအပ်ပြီးဖြစ်ရာ ဤ HVD အစီအစဉ်မှ ပညာသင်ကြားမှု ပြီးမြောက်အောင်မြင်သွားသူ ၈၃ ဦးရှိပြီဖြစ်သည်။
 
ပီတီတီအီးပီမြန်မာ့စီမံကိန်း ၏ အထွေထွေမန်နေဂျာဖြစ်သူ Mr. Piya Sukhumpanumet က “မြန်မာနိုင်ငံမှာ လုပ်ငန်းတွေလည်ပတ်ဆောင်ရွက်လာခဲ့တဲ့ နှစ် ၃၀ ကြာကာလပတ်လုံး ပီတီတီအီးပီအနေနဲ့ ပြည်သူလူထုရဲ့ အသက်မွေးမှုတွေ တိုးတက်မြင့်မားလာဖို့၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့တွေအတွက် ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ HVD ပညာသင်ဆုအစီအစဉ်ဟာ ကျွန်တော်တို့ရဲ့ လူမှုအကျိုးပြုလုပ်ငန်း (CSR) ဆောင်ရွက်မှုတွေထဲက တစ်ခုဖြစ်ပြီး  မြန်မာ့စီးပွားရေး အောင်မြင်ကြီးထွားအောင် မောင်းနှင်ပေးမယ့် အရည်အသွေးပြည့် ကျွမ်းကျင်တဲ့လုပ်သားအင်အားစု တိုးတက်ဖွံ့ဖြိုးလာစေဖို့ ရည်ရွယ်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။
 
ဆက်လက်၍ “မြန်မာနိုင်ငံရဲ့ ရေရှည်တည်မြဲအောင်ထိန်းသိမ်းထားနိုင်မယ့် တိုးတက်ဖွံ့ဖြိုးမှုမှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်ခွင့်ရတဲ့အတွက် ကျွန်တော်တို့ ဂုဏ်ယူရပါတယ်။ မြန်မာနိုင်ငံမှာ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် အစိုးရနဲ့အတူဆက်လက်ပြီး ပူးပေါင်းဆောင်ရွက်သွားနိုင်ဖို့လည်း မျှော်လင့်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။ 
 
လျှပ်စစ်စွမ်းအားနှင့်အီလက်ထရောနစ်ပညာ၊ စက်မှုပုံဆွဲပညာ၊ ဂဟေဆော်ခြင်းနှင့် CNC[2] machining စက်ပညာ စသည့် စက်မှုလုပ်ငန်းကုန်သွယ်မှုများအတွက် လိုအပ်သည့်လုပ်ငန်းခွင်တွင်း အချင်းချင်းဆက်သွယ်မှုနှင့် နည်းပညာ စက်မှုပညာရပ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုများဖြင့် သင်တန်းသားများအား ပြည့်စုံအောင် ဖြည့်ဆည်းပေးနိုင်ရန် စာသင်ခန်း၊ လက်တွေ့စမ်းသပ်ခြင်းနှင့် အလုပ်သင်လေ့ကျင့်သင်ကြားမှုတို့ ပေါင်းစပ်ထားသော သင်ရိုးညွှန်းတမ်းကို ရေးဆွဲပုံဖော်ထားပါသည်။ ကျောင်းသားများအား ကိုယ်ပိုင်ငွေကြေးစီမံခန့်ခွဲမှု၊ စီးပွားရေးလုပ်ငန်းနှင့် စွန့်ဦးတီထွင်လုပ်ငန်းဆိုင်ရာ ပညာရပ်များကိုလည်း လေ့ကျင့်သင်ကြားပေးပါသည်။
 
ပညာရေးဝန်ကြီးဌာနမှ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူး နှင့် ကျောင်းအုပ်ကြီးဖြစ်သူ ဒေါက်တာ မျိုးသူရ က “အရည်အသွေးရှိတဲ့ ပညာရေးဖြစ်ပေါ်လာခြင်းဟာ နိုင်ငံတစ်နိုင်ငံ၏  ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါတဲ့ အခန်းကဏ္ဍတစ်ရပ်ဖြစ်ပါတယ်။ ပီတီတီအီးပီမြန်မာ့စီမံကိန်းနဲ့ အတူပူးပေါင်းပြီး HVD ပညာသင်ဆု အစီအစဉ်ကို ဆောင်ရွက်တာက မြန်မာနိုင်ငံမှာ ကျွမ်းကျင်လုပ်သားအင်အားလိုအပ်ချက်ကို ဖြေရှင်းပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ ပီတီတီအီးပီမြန်မာ့စီမံကိန်းရဲ့ ပံ့ပိုးမှုက မြန်မာ့လူမှု-စီးပွားတိုးတက်ဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ကဏ္ဍအသီးသီးမှာ လူတစ်ဦးချင်းစီနဲ့ထိုက်တန်တဲ့  လေ့ကျင့်သင်ကြားမှုတွေ၊ အရည်အသွေးတွေ ပိုင်ဆိုင်ရရှိလာအောင် ကူညီပေးပါတယ်။ ကျွန်တော်တို့အနေနဲ့  ကျောင်းသူကျောင်းသားတွေရဲ့ စွမ်းရည်တိုးတက်ဖို့၊ အနာဂတ်မှာ အလုပ်အကိုင်ကောင်းတွေ ရရှိနိုင်ဖို့အတွက် ကူညီပေးနိုင်မယ့် နည်းလမ်းကောင်းတွေကို ရှာဖွေနေပါတယ်။” ဟု ပြောကြားခဲ့ပါသည်။
 
ယခုနှစ် HVD ပညာသင်ဆု ချီးမြှင့်ခံရသူ  မောင်သိန်းထက်က “ပြည်ပမှာ ပညာသင်ခွင့်ရရှိတဲ့အတွက် ကျွန်တော် အလွန်ကျေးဇူးတင်ဝမ်းသာမိပါတယ်။ ကျောင်းပြီးဘွဲ့ရတဲ့အခါ ကျွန်တော့်တိုင်းပြည်ကို ပြန်လာပြီး ကျွန်တော် သင်ယူခဲ့တာတွေကို ပြန်အသုံးချပြီး တခြားသူတွေကိုလည်း ပြန်လည်ဝေမျှပေးဖို့ ရည်မှန်းထားပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

----------

[1] PTT Group ၏ လုပ်ငန်းခွဲများတွင် PTT, PTTEP, Thai Oil Public Company Limited, PTT Global Chemical Public Company Limited နှင့် Global Power Synergy Plc. တို့ ပါ၀င်ပါသည်။

[2] CNC (Computer numerical control) machining ဟူသည် စက်ပစ္စည်းကိရိယာများကို ထိန်းချုပ်ရန်အတွက် ကွန်ပျူတာများ အသုံးပြုခြင်းပါ၀င်သည့် ကုန်ထုတ်လုပ်ရေး ကဏ္ဍတွင် အသုံးပြုသော လုပ်ငန်းစဉ်တစ်ခုဖြစ်ပါည်။