သတင်း နှင့် မီဒီယာ

သတင်း

ပီတီတီအီးပီမြန်မာ့စီမံကိန်းက အဆင့်မြင့်သက်မွေးပညာ ဒီပလိုမာပညာသင်ဆု တတိယအသုတ်မှ တက်ရောက်အောင်မြင်သည့် ကျောင်းသား ၁၅ ဦးကို သင်တန်းဆင်းလက်မှတ်ပေးအပ်ချီးမြှင့်

9 Apr 2019

၉ ဧပြီလ ၂၀၁၉၊ ရန်ကုန်၊ မြန်မာ။ – ပီတီတီအီးပီမြန်မာ့စီမံကိန်းသည် ထိုင်းနိုင်ငံ၊ Rayong Province ရှိ  IRPCT ကောလိပ်တွင် တက်ရောက်အောင်မြင်ခဲ့သော အဆင့်မြင့်သက်မွေးပညာ ဒီပလိုမာပညာသင်ဆု (HVD) အစီအစဉ်၏ တတိယအသုတ်မှ မြန်မာကျောင်းသား ၁၅ ဦးကို အသိအမှတ်ပြု ဒီပလိုမာလက်မှတ်များအား ၂၀၁၉ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ပေးအပ်ခဲ့ပါသည်။ အခမ်းအနားသို့ ပီတီတီအီးပီမြန််မာ့စီမံကိန်း၏  အထွေထွေမန်နေဂျာဖြစ်သော Mr. Piya Sukhumpanumet နှင့်အတူ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန (MOEE) အောက်ရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံရေးဦးစီးဌာန (OGPD) ၏ ညွှန်ကြားရေးမှူးချုပ်နှင့် ပညာရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
 
အခမ်းအနားတွင် ပီတီတီအီးပီမြန်မာ့စီမံကိန်း၏ အထွေအထွေမန်နေဂျာဖြစ်သော Mr. Piya Sukhumpanumet က “ဒီနှစ်ဟာဆိုရင် မြန်မာနိုင်ငံမှာ ပီတီတီအီးပီ ရောက်ရှိတာ နှစ် ၃၀ မြောက်တဲ့နှစ်ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့လုပ်ငန်းလည်ပတ်ဆောင်ရွက်ခဲ့တဲ့ နှစ်ကာလတလျှောက်လုံးမှာ လုပ်ငန်းလည်ပတ်ဖို့အတွက်သာမက မြန်မာနိုင်ငံရဲ့တိုးတက်ဖွံ့ဖြိုးမှုအတွက် လိုအပ်လျက်ရှိနေတဲ့ ကျွမ်းကျင်ပြီး အရည်အချင်းရှိတဲ့ လုပ်သားအင်အားစု တည်ဆောက်ရေးမှာ စဉ်ဆက်မပြတ် ရင်းနှီးမြှုပ်နှံလျက်ရှိပါတယ်။ ဒါကြောင့်မို့လို့လည်း ကျွန်တော်တို့အနေနဲ့  မြန်မာကျောင်းသားတွေ ဝန်ထမ်းတွေအတွက် အမျိုးမျိုးသော ပညာရေးအခွင့်အလမ်းဆိုင်ရာ အစီအစဉ်တွေကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါတယ်။ အရည်အချင်းရှိတဲ့ လူငယ်တွေဟာ တိုင်းပြည်ရဲ့အနာဂတ်ကို ပုံဖော်ရာမှာ အဓိကနေရာကနေ ပါဝင်တဲ့အတွက်ကြောင့် တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးအတွက် အရည်အသွေးပြည့်ဝတဲ့ လုပ်သားအင်အားထုကို  တောင့်တင်းခိုင်မာစေဖို့ အဆင့်မြင့်သက်မွေးပညာ ဒီပလိုမာပညာသင်ဆု (HVD) အစီအစဉ်ကို စတင်မိတ်ဆက်ခဲ့ပါတယ်။”
 
“ဒါ့အပြင် နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်တွေမှာ တိုးတက်မှုရှိစေဖို့ ပြည်တွင်း ရော ပြည်ပမှာပါ သင်တန်းတွေတက်ရောက်နိုင်အောင် ပီတီတီအီးပီမြန်မာ့စီမံကိန်းက ပံ့ပိုးပေးနေပါတယ်။ လက်ရှိ ပီတီတီအီးပီမြန်မာ့စီမံကိန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာဝန်ထမ်းအရေအတွက်မှာ အချိုးအဆအားဖြင့် ၅၉ ရာခိုင်နှုန်းရှိပြီး ၂၀၂၃ ခုနှစ်မှာ ရ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားဖို့ ကျွန်တော်တို့ မျှော်မှန်းထားပါတယ်။” ဟု Mr. Piya မှ ပြောကြားခဲ့ပါသည်။
 
၂၀၁၃ ခုနှစ်တွင် စတင်ခဲ့သော အဆင့်မြင့်သက်မွေးပညာ ဒီပလိုမာပညာသင်ဆု (HVD) အစီအစဉ်သည် PTT Group နှင့်  လက်အောက်ခံကုမ္ပဏီများဖြစ်သော PTTEP ၊ Thai Oil Public Company Limited (TOP)၊ PTT Global Chemical Public Company Limited (PTTGC)၊ Global Power Synergy Plc. (GPSC) နှင့် IRPCT တို့က အစိုးရစက်မှုလက်မှုသိပ္ပံမှ မြန်မာကျောင်းသားများကို စရိတ်အပြည့်ထောက်ပံ့သော နှောင်ကြိုးမဲ့ ပညာသင်ဆုအစီအစဉ် ဖြစ်ပါသည်။ ဤအစီအစဉ်အရ ကျောင်းသားများသည် ထိုင်းနိုင်ငံ IRPCT ကောလိပ်တွင် စက်မှုပညာဘာသာရပ်ကို အလုပ်သင်ဆင်းသည့်ကာလအပါအဝင်  လေးနှစ်ကြာသင်ယူကြရပါသည်။ ယနေ့အထိဆိုလျှင် HVD ပညာသင်ဆု အစီအစဉ်က အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံများ (AEC) မှ ကျောင်းသားစုစုပေါင်း ၁၅၀ ကို ပညာသင်ဆု အပ်နှင်းထားပြီးဖြစ်ပါသည်။