သတင်း နှင့် မီဒီယာ
သတင်း
ပီတီတီအီးပီမှ မြန်မာနိုင်ငံတွင် လုပ်ငန်းလုပ်ဆောင်ခဲ့သည် နှစ် ၃၀ ပြည့်အထိမ်းအမှတ်အနေဖြင့် နှုတ်ခမ်းကွဲ အာခေါင်ကွဲဝေဒနာရှင် မြန်မာကလေးငယ် ၁၀၀ အား ခွဲစိတ်ကုသ
14 May 2019

၁၄ မေလ ၂၀၁၉၊ ရန်ကုန်၊ မြန်မာ။ – ၂၀၁၉ ခုနှစ်သည် ပီတီတီအီးပီက မြန်မာနိုင်ငံတွင် ရေရှည်ယုံကြည်အားထားရသော ရင်းနှီးမြှုပ်နှံသူအဖြစ် လုပ်ငန်းများဆောင်ရွက်လာခဲ့ရာ နှစ် ၃၀ ပြည့်မြောက်သောနှစ်ဖြစ်ပါသည်။ ပီတီတီအီးပီမြန်မာ့စီမံကိန်း အနေဖြင့် ၎င်းတို့၏လုပ်ငန်းများအခြေစိုက်ဆောင်ရွက်သည့် နယ်မြေဒေသများရှိ လူမှုအဖွဲ့အစည်း၏ တိုးတက်ဖွံ့ဖြိုးမှုအတွက် ဆောင်ရွက်သွားရန် ကတိကဝတ်ထားရှိပြီးဖြစ်ပါသည်။ ယခုကဲ့သို့ အလွန်အရေးပါသောအခါသမယတွင် ပီတီတီအီးပီ မြန်မာ့စီမံကိန်းသည် နိုင်ငံတစ်ဝန်းရှိ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ဝေဒနာရှင် ကလေးငယ်များအား ကူညီလက်ကမ်းပေးနိုင်ရန် Alliance for Smiles နှင့် ပူးပေါင်းဆောင်ရွက်သွားပါမည်။
ပီတီတီအီးပီ မြန်မာ့စီမံကိန်းနှင့် Alliance for Smiles တို့ကြား နားလည်မှုသဘောတူစာချုပ်ချုပ်ဆိုသည့် အခမ်းအနားကို ယနေ့ ၂၀၁၉ ခုနှစ် မေလ ၁၄ ရက်နေ့တွင် နိုဗိုတယ်ရန်ကုန်မက်စ်ဟိုတယ်တွင် ကျင်းပခဲ့ပါသည်။ ဤအခမ်းအနားသို့ ပီတီတီအီးပီမြန်မာ့စီမံကိန်း၏ အထွေထွေမန်နေဂျာ Mr. Piya Sukhumpanumet နှင့် စီမံခန့်ခွဲမှုအဖွဲ့၊ Alliance for Smiles၏ ဥက္ကဌ Dr. Karl Wustrack နှင့် အဖွဲ့ဒါရိုက်တာ Tina Fischlin တို့နှင့်အတူ ၀ိတိုရိယဆေးရုံမှ ဧည့်သည်များလည်း တက်ရောက်ခဲ့ကြပါသည်။
ပြည်တွင်းလူမှုအဖွဲ့အစည်းအတွက် အမြဲအလေးအနက်ထား ကူညီဆောင်ရွက်ပေးသွားမည်ဟူသော ကတိကဝတ်ကို ဖြည့်ဆည်းသောအားဖြင့် ပီတီတီအီးပီမြန်မာ့စီမံကိန်းက နှုတ်ခမ်းကွဲအာခေါင်ကွဲဝေဒနာရှင် ကလေးငယ် အယောက် ၁၀၀ အား ခွဲစိတ်ပြုပြင်မှုကို ပံ့ပိုးပေးရန်အတွက် အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ ထည့်ဝင်လှူဒါန်းခဲ့ပါသည်။ ပီတီတီအီးပီအနေဖြင့် ယခင်နှစ်များနဲ့မတူသည့် ဤလူမှုအကျိုးပြုလုပ်ငန်းမှာ တစ်နိုင်ငံလုံးမှ ကလေးငယ်များအားလုံးအတွက် အကျိုးဖြစ်ထွန်းစေမှာ ဖြစ်ပါသည်။
စာချုပ်လက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် ပီတီတီအီးပီမြန်မာ့စီမံကိန်း၏ အထွေထွေမန်နေဂျာ Mr. Piya Sukhumpanumet က “မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၃၀ ကြာအောင် ရေရှည်လုပ်ငန်းတွဲဖက်လုပ်ကိုင်ခဲ့သူ၊ ရင်းနှီးမြှုပ်နှံမှုပြုခဲ့သူ တစ်ဦးအနေနဲ့ ဒေသခံလူ့အဖွဲ့အစည်းများကို ပံ့ပိုးပေးမှုများလုပ်ဆောင်ပေးရာတွင် အထူးသဖြင့် နွမ်းပါးတဲ့ဒေသခံတွေအတွက် ပါ၀င်ကူညီဖို့က ကျွန်တော်တို့ အဖွဲ့အစည်းရဲ့ ဦးစားပေးဆောင်ရွက်မှုတွေထဲက တစ်ခုပါ။” ဟု မှတ်ချက်ပြုပြောကြားခဲ့ပါသည်။
“ဒီလိုအနေအထားနဲ့မွေးဖွားလာခဲ့ရတဲ့ ကလေးတွေမှာ ကောင်းကောင်းမွန်မွန် စားသောက်နေထိုင်နိုင်ဖို့ စကားပြောစွမ်းရည်စတဲ့ များပြားလှတဲ့ ရုပ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေကို တွေ့ကြုံရပါတယ်။ ဒါတင်မကဘဲ သူတို့လေးတွေရဲ့ မိမိကိုယ်ကို တန်ဖိုးထားခြင်းနဲ့ ယုံကြည်မှုကိုပါ ထိခိုက်လာနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေကိုလည်း ကြုံတွေ့နေရပါတယ်။ ဒါပေမဲ့ ကံကောင်းတာတစ်ခုကတော့ အဲလိုအခြေအနေကို ကောင်းမွန်သွားအောင် ခွဲစိတ်ပြုပြင်လို့ရနိုင်ပါတယ်။ ခွဲစိတ်မှုခံယူပြီးတဲ့ ကလေးတွေရဲ့ မိသားစုတွေဆီကနေ မခွဲစိတ်ခင်က ရရှိခဲ့ရတဲ့ စိတ်မကောင်းဖြစ်စရာ အဖြစ်အပျက်တွေကိုလည်း ကျွန်တော်တို့ အများကြီး ကြားခဲ့၊မြင်ခဲ့ပြီးဖြစ်ပါတယ်။ ဒီခွဲစိတ်မှုကဆိုရင် ကလေးတွေအတွက် ရုပ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးအများကြီး ရရှိစေတဲ့အပြင် ဘဝမှာ အမြဲတမ်းရဲရဲဝင့်ဝင့်နဲ့ ပြုံးပျော်နေနိုင်ဖို့အတွက် တစ်ဖက်တစ်လမ်းက ကူညီခွင့်ရတာဟာ ပီတီတီအီးပီအတွက် တကယ့်ကို ဂုဏ်ယူစရာကောင်းတဲ့ ကိစ္စတစ်ခုပါ။
Alliance for Smiles နဲ့ ပီတီတီအီးပီမြန်မာ့စီမံကိန်းတို့ ပူးပေါင်းဆောင်ရွက်တဲ့ “PTTEP Myanmar Asset 100 Smiles Project” ရဲ့ အကျိုးရလဒ်တွေအတွက် ကျွန်တော်တို့ အလွန်ဝမ်းမြောက်ပါတယ်။ လူတစ်ဦးတစ်ယောက်ချင်းစီအတွက်သာမက လူထုအဖွဲ့အစည်းတစ်ခုလုံးအတွက်ပါ အကျိုးပြုတာကို သိရတဲ့အတွက်ကြောင့် ကျွန်တော်တို့အနေနဲ့ ဒီစီမံချက်ကို အနာဂတ်မှာ ကျွန်တော်တို့အဖွဲ့အစည်းကြီးရဲ့ လူမှုတာဝန်ခံယူခြင်း CSR အစီအစဉ်တွေရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဆောင်ရွက်သွားဖို့ ထည့်သွင်းစဉ်းစားသွားမှာပါ။” ဟု Mr. Piya က ပြောကြားခဲ့ပါသည်။
Alliance for Smiles ၏ စီမံကိန်းဒါရိုက်တာ ဖြစ်သူ Tina Fischlin က “ပီတီတီအီးပီမြန်မာ့စီမံကိန်းရဲ့ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ခွဲစိတ်ကုသပေးမှုမှာ အသိအမှတ်ပြုလက်ခံပေးခဲ့တာက Alliance for Smiles အတွက် အလွန်ဂုဏ်ယူ၀မ်းမြောက်ရပါတယ်။ လိုအပ်ချက်ရှိနေသ၍တော့ မြန်မာကလေးငယ်တွေအတွက် ကူညီဖို့တုံ့ပြန်သွားမယ်လို့ ကတိကဝတ်ထားပါတယ်။” ဟု ပြောကြားခဲ့ပါသည်။
ပီတီတီအီးပီမြန်မာ့စီမံကိန်းသည် ကျေးရွာများတွင် အခြေခံအဆောက်အအုံလိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို ထောက်ပံ့ပေးခြင်းများမှသည် ဆင်းရဲချို့တဲ့သော ကျောင်းသားများအား ပညာသင်ဆုများပေးအပ်ခြင်းအထိ ၎င်းတို့ လုပ်ငန်းများလည်ပတ်ဆောင်ရွက်ရာဒေသများတွင် လူမှုအကျိုးပြုလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပါသည်။ ပီတီတီအီးပီ၏ ကြိုးပမ်းအားထုတ်မှုများသည် လူမှုအဖွဲ့အစည်းအပေါ် ရေရှည်အပြုသဘောဆောင် ပြောင်းလဲမှုရှိစေရန် အမြဲဦးစားပေးပြီး လက်ဦးမှုရယူဆောင်ရွက်ပါသည်။ လူထုအဖွဲ့အစည်း ပိုမိုကောင်းမွန်ပြီး တိုးတက်မြင့်မားစေမည့် အခွင့်အလမ်းသစ်များကို ပီတီတီအီးပီမြန်မာ့စီမံကိန်းက အမြဲဖွင့်လှစ်ပေးလျက်ရှိပါသည်။