သတင်း နှင့် မီဒီယာ

သတင်း

ပီတီတီအီးပီမြန်မာ့စီမံကိန်း မှ သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှုစနစ် Environmental Management System (EMS) အတွက် ISO 14001:2015 အသိအမှတ်ပြုလက်မှတ်ကို ရရှိ

13 Dec 2018

၁၃ ဒီဇင်ဘာ ၂၀၁၈။ ရန်ကုန်။ မြန်မာ – မြန်မာနိုင်ငံတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းများကို လုပ်ကိုင်နေပြီး ထိုင်းနိုင်ငံအခြေစိုက် ပီတီတီရေနံရှာဖွေရေး နှင့် တူးဖော်ထုတ်လုပ်ရေး အများပိုင်ကုမ္ပဏီလီမိတက် (ပီတီတီအီးပီ) ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သော ပီတီတီအီးပီ မြန်မာ့စီမံကိန်းသည် ၎င်း၏အကြီးမားဆုံးကမ်းလွန်လုပ်ကွက်ဖြစ်သော ဇောတိကစီမံကိန်း၏သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှုစနစ် Environmental Management System (EMS) အတွက် နိုင်ငံတကာ စံချိန်စံညွှန်းအဖွဲ့အစည်း (ISO) ၏အသိအမှတ်ပြုလက်မှတ် ISO14001:2015 ကိုရရှိခဲ့ပါသည်။

ISO14001:2015 သည် လုပ်ငန်းအဖွဲ့အစည်းကြီးများ၏ သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်သည့် ဆောင်ရွက်ချက်များကို စနစ်တကျတိုင်းတာပြီး တိုးတက်ကောင်းမွန်အောင် ကူညီပေးသည့် EMSစနစ်၏ လိုအပ်ချက်နှင့် မူဘောင်ကို သတ်မှတ်ပေးပါသည်။ ဤကဲ့သို့သောစနစ်မျိုးထားရှိခြင်းဖြင့် ပီတီတီအီးပီသည် မီးခိုးငွေ့ထုတ်လွှတ်မှုနှင့် အမှိုက်စွန့်ထုတ်မှုတို့ကို လျှော့ချနိုင်ခြင်း၊ အန္တရာယ်ရှိသော ဒြပ်ဝတ္ထုပစ္စည်းများကို ဘေးကင်းလုံခြုံကိုင်တွယ်နိုင်ခြင်း၊ သဘာဝအရင်းအမြစ်များ ထိန်းသိမ်းစောင့်ရှောက်မှုကို တိုးမြှင့်ဆောင်ရွက်ခြင်းများ ပြုလုပ်နိုင်မည်ဖြစ်ပါသည်။

ISO14001:2015 certification ကိုရရှိရန်အတွက် ပီတီတီအီးပီအနေဖြင့် လုပ်ငန်းထိရောက်မှုရှိခြင်း၊ ရေရှည်တည်တံ့ခိုင်မြဲအောင်ထိန်းသိမ်းခြင်းနှင့် ၎င်း၏EMSစနစ်ပြည့်မီခြင်းတို့ကို စစ်ဆေးပြင်ဆင်ရန်အတွက် သီးခြားပြင်ပပုဂ္ဂလိကအဖွဲ့တစ်ခုဖြစ်သည့် လက်မှတ်ရစာရင်းစစ်အဖွဲ့ AJARegistrars နှင့်အတူ ၁၈ လကြာအောင် ပြင်ဆင်ပြီး လုပ်ငန်းအဆင့်ဆင့်ကို ဖြတ်ကျော်ခဲ့ရပါသည်။ ယင်းအဖွဲ့က ပီတီတီအီးပီသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုပေါ်လစီကို ကျင့်သုံးခြင်း၊ စောင့်ကြည့်ခြင်းနှင့် လုပ်ငန်းစဉ်ကိုတိုင်းတာခြင်း၊ အရေးပေါ်အခြေအနေအတွက် ပြင်ဆင်ထားခြင်းနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ တုံ့ပြန်ဆောင်ရွက်ခြင်းများအပါအဝင် တင်းကျပ်သောလိုအပ်ချက်များနှင့်ကိုက်ညီခြင်းရှိကြောင်း သေချာအောင်စစ်ဆေးပေးခဲ့ပါသည်။

ပီတီတီအီးပီမြန်မာ့စီမံကိန်း ၏ အထွေထွေမန်နေဂျာ Mr. Piya Sukhumpanumet က “ISO 14001:2015 certification ရရှိခြင်းက ကျွန်တော်တို့ရဲ့ လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုကျွမ်းကျင်အောင် တိုးမြှင့်လုပ်ဆောင်မယ့် ကျွန်တော်တို့ရဲ့အလုပ်ရည်မှန်းချက်ကို သရုပ်ဖော်ပြသလိုက်တာပါပဲ။ စွမ်းအင်လိုအပ်ချက် မြင့်မားနေတဲ့ မြန်မာနိုင်ငံရဲ့ လိုအပ်ချက်ကို ပြည့်မီအောင် ဓာတ်ငွေ့ထုတ်လုပ်ရေးလုပ်ငန်း လုပ်ဆောင်နေရင်းမှာပဲ ကျွန်တော်တို့လုပ်ငန်းလည်ပတ်နေတဲ့ပတ်ဝန်းကျင်ကို တန်ဖိုးထားထိန်းသိမ်းစောင့်ရှောက်မယ်ဆိုတဲ့ ပီတီတီအီးပီရဲ့ကတိကဝတ်ကိုလည်း ထင်ဟပ်ပြလိုက်တာ ဖြစ်ပါတယ်။ ဒီအချက်ဟာ ကျွန်တော်တို့လုပ်ငန်းကြီးရဲ့ အဓိကတန်ဖိုးထားမှုတွေထဲကအစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဒီနေရာမှာ လုပ်ငန်းဆက်လက်တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်မှာဖြစ်သလို သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်သက်ရောက်မှုတွေ နည်းနိုင်သမျှနည်းအောင် တိုးတက်ကောင်းမွန်အောင် ဆက်လက်ရှာဖွေဆောင်ရွက်သွားမှာဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

ISO 14001:2015 သည် ပီတီတီအီးပီ၏ အကြီးမားဆုံး ကမ်းလွန်လုပ်ကွက်ဖြစ်သည့် ဇောတိကစီမံကိန်းအတွက် ဒုတိယမြောက်ရရှိသော နိုင်ငံတကာ စံချိန်စံညွှန်းအဖွဲ့အစည်း (ISO) ၏ အသိအမှတ်ပြုလက်မှတ် ဖြစ်ပါသည်။ လုပ်ငန်းဆက်စပ်သူများ၊ ဝန်ထမ်းများ နှင့် ရှယ်ယာရှင်များအား ကုမ္ပဏီလုပ်ငန်း အလျင်မပြတ်စီးဆင်းမှုဆိုင်ရာ စီမံခန့်ခွဲမှုစနစ်အတွက် ပေးအပ်သော ISO 22301 ကိုလည်း ပီတီတီအီးပီက မကြာသေးမီကပင် ရရှိထားပါသည်။

ISO သည် နိုင်ငံတကာစံချိန်စံညွှန်းများ သတ်မှတ်ပြဌာန်းသည့်ကမ္ဘာ့အကြီးမားဆုံးအဖွဲ့အစည်းကြီးဖြစ်ပြီး ISO 14001:2015 ဖြင့် EMS ကို အကောင်အထည်ဖော်ကျင့်သုံးခြင်း ပီတီတီအီးပီမြန်မာ့စီမံကိန်း ၏ အဓိက မဟာဗျူဟာမြောက် ဆောင်ရွက်မှုတစ်ခု ဖြစ်ပါသည်။ ဤတရားဝင်သိအမှတ်ပြုလက်မှတ်သည် ပီတီတီအီးပီ၏ နိုင်ငံတကာလုပ်ငန်းအုပ်စု တစ်ခုလုံးတွင်းရရှိခဲ့သော United Kingdom Accreditation Service (UKAS) ISO 14001:2015 ဖြစ်ပါသည်။