ပီတီတီအီးပီ မြန်မာ့စီမံကိန်း က အခြေခံပညာအထက်တန်းကျောင်းသား ၉ ဦးကို အဆင့်မြင့်ပညာတိုးတက်ဖွံ့ဖြိုးရေးအထောက်အကူပြု ပညာသင်ဆု Higher Education Assistance for Development (HEAD) များပေးအပ်ချီးမြှင့်ခဲ့

29 January 2019
Save as PDF

၂၉ ဇန်နဝါရီ၊ ၂၀၁၉၊ ရန်ကုန်၊ မြန်မာ။ ။ပီတီတီအီးပီမြန်မာ့စီမံကိန်းသည် ဇောတိကစီမံကိန်း၏ လုပ်ငန်းလုပ်ဆောင်ရာ ဒေသအတွင်း နေထိုင်ကြသော ဒေသခံကျောင်းသားများအနက်မှ ရွေးချယ်ထားသော ထူးချွန်ကျောင်းသား ၉ ဦးအား HEAD ပညာသင်ဆုပေးအပ်သည့် အခမ်းအနားကို ဇောတိကလုပ်ငန်းလုပ်ဆောင်ရာ Zawtika Operating Centre တွင် ၂၀၁၈ ခုနှစ် ၊ ဒီဇင်ဘာလ ၂၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။ မိမိတို့လုပ်ငန်း လည်ပတ်ဆောင်ရွက်ရာဒေသရှိ ဒေသခံလူမှုအသိုင်းအဝိုင်းကို စွမ်းရည်မြှင့်တင်ပေးခြင်းဖြင့် မြန်မာနိုင်ငံ၏လူ့စွမ်းအားအရင်းအမြစ်ကို တိုးတက်စေရန် ကူညီထောက်ပံ့ပေးမည်ဟူသော ပီတီတီအီးပီ၏ ကတိကဝတ်ကို ပိုမိုခိုင်မာစေပါသည်။

ယခုနှစ်အတွက် ပညာသင်ဆုရကျောင်းသားများမှာ အထက်တန်းကျောင်းသားရဦးနှင့် နည်းပညာကျောင်းသား ၂ ဦးတို့ပါဝင်ပြီး ရေဖြူမြို့နယ်ရှိ အုန်းပင်ကွင်းကျေးရွာ၊ ကန်ဘောက်ကျေးရွာ၊ မိကျောင်းလှောင် ရွာသစ်ကျေးရွာ နှင့် ဖောင်းတောကျေးရွာတို့မှ ဖြစ်ပါသည်။

ယခုအကြိမ်ဆိုပါက ပီတီတီအီးပီမြန်မာ့စီမံကိန်း ၏ HEAD ပညာသင်ဆုအစီအစဉ်အရ ဆုရမြန်မာကျောင်းသားပေါင်း ၆၇ ဦးရှိပြီဖြစ်ပြီး ပညာသင်ဆုပမာဏမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၃၃,၀၀၀ ရှိပြီဖြစ်ပါသည်။

ပီတီတီအီးပီမြန်မာ့စီမံကိန်း၏ General Manager ဖြစ်သော Mr. Piya Sukhumpanumet က “အရည်အသွေးပြည့်မှီတဲ့ပညာရေးဟာ နိုင်ငံတိုင်းရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အရေးပါပါတယ်။ လူငယ်တွေကို ကောင်းမွန်တဲ့ပညာရေးဖြည့်ဆည်းပေးခြင်းက လူမှုဝန်းကျင်အသိုင်းအဝိုင်းအတွက် တန်ဖိုးအရှိဆုံး ထောက်ကူပံ့ပိုးမှုတွေထဲက တစ်ခုဖြစ်ပါတယ်။ ”

“ကျွန်တော်တို့ ပီတီတီအီးပီမြန်မာ့စီမံကိန်း အနေနဲ့လည်း ပညာရေးရဲ့ အရေးပါမှုကို အသိအမှတ်ပြုပါတယ်။ မြန်မာ့စီးပွားရေးနဲ့လူမှုရေးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ နယ်ပယ်တွေမှာ အရည်အသွေးပြည့်မီစေဖို့အတွက် အစွမ်းအစရှိတဲ့လူငယ်လေးတွေကို ပံ့ပိုးကူညီခြင်းဖြင့် ကျွန်တော်တို့လုပ်ငန်းတွေ လည်ပတ်ဆောင်ရွက်နေတဲ့ ဒေသဝန်းကျင်က လူမှုအသိုက်အဝန်းကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးသွားဖို့ ကတိကဝတ်ထားရှိပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

၂၀၀၈ခုနှစ်တွင်စတင်ပေးအပ်ခဲ့သော HEAD ပညာသင်ဆုအစီအစဉ်သည် ပီတီတီအီးပီမြန်မာ့စီမံကိန်း၏ ဇောတိကစီမံကိန်းဧရိယာရှိ ရွာပေါင်း ၂၉ ရွာတွင် နေထိုင်ကြသည့် ဝင်ငွေအလွန်နည်းပါးပြီး နွမ်းပါးသောမိသားစုများအနက်မှ အရည်အချင်းပြည့်ဝသော အထက်တန်းကျောင်းသား ၁၀ ဦးအထိကို ပညာသင်စရိတ်အပြည့်အဝ နှစ်စဉ်ပေးအပ်သော အစီအစဉ်ဖြစ်ပါသည်။ အရည်အချင်းပြည့်မီသော ပညာသင်ဆုရရှိသူများသည် တိုင်းပြည်တိုးတက်ဖွံ့ဖြိုးမှုအတွက် အလွန်အရေးပါပြီး လူ့စွမ်းအားအရင်းအမြစ်ရှားပါးနေသော ကဏ္ဍနယ်ပယ် ၅ ခု ဖြစ်သည့် ဆေးသိပ္ပံ၊ သူနာပြု၊ သားဖွား၊ ပညာရေးသိပ္ပံနှင့် အင်ဂျင်နီယာပညာရပ်များကို ဆက်လက်ဆည်းပူးသင်ယူနိုင်မည့် ပံ့ပိုးကူညီမှုများ ရရှိပါသည်။

ပညာသင်ဆုရရှိရန်အတွက် လျှောက်ထားသူသည် အရည်အချင်းပြည့်မီကြောင်းကို ပညာထူးချွန်မှုရလဒ်များ ပြသနိုင်ရမည်ဖြစ်ပြီး မြို့နယ်ပညာရေးမှူး၊ အထက်တန်းကျောင်းအုပ်ဆရာ ဆရာမကြီးများ၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် ပီတီတီအီးပီမြန်မာ့စီမံကိန်းတို့မှ ကိုယ်စားပြုသူများပါဝင်သည့် ကော်မတီ၏ ပွင့်လင်းမြင်သာသော ရွေးချယ်မှုအဆင့်ဆင့်ကို ခံယူရမည်ဖြစ်သည်။

ပညာရေးသိပ္ပံပညာရပ်ဘွဲ့ကို ဆက်လက်လေ့လာသင်ယူနိုင်မည့် HEAD ပညာသင်ဆုကို ယခုအစီအစဉ်တွင် ရရှိထားသူ မောင်စိုးကိုကိုထက်က “ကျောင်းဆရာတစ်ယောက်ဖြစ်ချင်တဲ့ ကျွန်တော့်အိပ်မက်တွေ အကောင်အထည်ဖော်နိုင်ခွင့်ရတာဖြစ်လို့ အလွန်ကျေးဇူးတင်ပါတယ်။ ဒီပလိုမာရပြီးရင် ကျွန်တော့်ရွာကိုပြန်လာပြီး ရွာကျောင်းက ကလေးတွေကို အကူအညီပေးနိုင်ပါပြီ။” ဟု ပြောကြားခဲ့ပါသည်။

ဖခင်ဖြစ်သူ ဦးချိုနိုင်ကလည်း “ဒီပညာသင်ဆုက ကျွန်တော့်သားအတွက် တကယ်ကြီးမားတဲ့ အခွင့်အရေးကြီးပါပဲ။ ပညာသင်ဆုမရရင် ကျွန်တော်တို့အနေနဲ့ သူ့ပညာရေးအတွက် တတ်နိုင်မှာမဟုတ်ပါဘူး။ အခုတော့ စာသင်ကြားပေးတဲ့ အသက်မွေးဝမ်းကျောင်းအလုပ်အခွင့်အရေး သူရရှိသွားပါပြီ။” ဟု ထပ်လောင်းပြောကြားခဲ့ပါသည်။

HEAD ပညာသင်ဆုရရှိပြီးသူများအနေဖြင့် ပညာသင်ယူမှုပြီးဆုံးသောအခါ အစိုးရအဖွဲ့အစည်းများတွင် ဝင်ရောက်လုပ်ကိုင်ခြင်းဖြင့် ၎င်းတို့၏ရပ်ရွာလူမှုဝန်းကျင်ကို ဆက်လက်၍ ပံ့ပိုးကူညီပေးသွားနိုင်မည်ဟု မျှော်မှန်းပါသည်။ လက်ရှိတွင် ပညာသင်ဆုရရှိခဲ့သူ ၂၆ ဦးသည် ဇောတိကစီမံကိန်းဧရိယာရှိ အစိုးရအလုပ်များတွင် ဝင်ရောက်လုပ်ကိုင်နေပါပြီ။