သတင်း နှင့် မီဒီယာ

သတင်း

ပီတီတီအီးပီ မှ ၂၀၂၀ ခုနှစ်၏ ပထမ သုံးလပတ် ကာလအတွက် အသားတင် အမြတ်ငွေ အမေရိကန် ဒေါ်လာ ၂၇၅ သန်း ရှိပြီး ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

18 May 2020

ရန်ကုန်၊ မြန်မာ၊ မေလ ၁၈ ရက်၊ ၂၀၂၀။       ။ ပီတီတီအီးပီ သည် လက်ရှိဖြစ်ပွားလျက်ရှိသော ရေနံဈေးနှုန်းအကျပ်အတည်းနှင့် coronavirus 2019 (Covid-19) တို့၏စိန်ခေါ်မှုများကြောင့် ၎င်း၏ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ကို ပြန်လည်ပြင်ဆင် ဆောင်ရွက်ခဲ့ခြင်းနှင့်အတူ ၂၀၂၀ ခုနှစ် ၏ ပထမသုံးလပတ်ကာလ အတွက် အသားတင် အမြတ်ငွေမှာ အမေရိကန်ဒေါ်လာ ၂၇၅ သန်း (မြန်မာကျပ်ငွေ ၃၈၄ ဘီလီယံ ခန့်) ရရှိခဲ့ကြောင်း ထုတ်ပြန်ပြောကြားခဲ့ပါသည်။
 
ပီတီတီ ရေနံ ရှာဖွေရေး နှင့် ထုတ်လုပ်ရေး အများပိုင် ကုမ္ပဏီ လီမိတက် (ပီတီတီအီးပီ) ၏ ဥက္ကဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Phongsthorn Thavisin က ယခုနှစ် ပထမ  သုံးလပတ် ကာလအတွက် ကုမ္ပဏီ၏ စုစုပေါင်း ဝင်ငွေမှာ အမေရိကန် ဒေါ်လာ ၁,၇၇၁ သန်း (မြန်မာကျပ်ငွေ ၂,၄၇၁ ဘီလီယံ ခန့်) ရရှိခဲ့ရာ ထိုပမာဏသည် ၂၀၁၉ ခုနှစ်၏ နောက်ဆုံး သုံးလပတ် ကာလအတွက် စုစုပေါင်း ဝင်ငွေ အမေရိကန်ဒေါ်လာ ၁,၈၄၁ သန်း(မြန်မာကျပ်ငွေ ၂,၅၆၈ ဘီလီယံ ခန့်) အောက် ၄ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၁၉ခုနှစ်၏ နောက်ဆုံးသုံးလပတ်တွင် တစ်ရက် ရေနံစည် (BOED) ရောင်းအား ၃၉၅,၀၂၈ စည် နှင့် နှိုင်းယှဉ်ကြည့်သော် ယခုနှစ်တွင် တစ်ရက်လျှင် ပျမ်းမျှ ရေနံစည် (BOED) ၃၆၃,၄၁၁ စည်သာ ရောင်းချနိုင်ခဲ့ခြင်းဖြစ်သည်။ ယခုလို အသားတင်အမြတ်ငွေလျော့ကျမှုမှာ ထိုင်းနိုင်ငံပင်လယ်ကွေ့ ရှိ စီမံကိန်းများမှ သဘာဝ ဓာတ်ငွေ့ထုတ်လုပ်မှု ကျဆင်းခဲ့ခြင်းကြောင့် ဖြစ်သည်။ ထို့အပြင် ရေနံတစ်စည် (BOE) ဈေးနှုန်းမှာ ၂၀၁၉ခုနှစ်၏ နောက်ဆုံး သုံးလပတ်တွင် အမေရိကန်ဒေါ်လာ ၄၈. ၂၈  (မြန်မာကျပ်ငွေ ၆၇,၃၅၀) ရှိရာက ယခုနှစ်တွင် ကမ္ဘာ့ရေနံဈေးအတိုင်း အမေရိကန်ဒေါ်လာ ၄၄.၈၁ (မြန်မာကျပ်ငွေ ၆၂,၅၁၀)  အထိ ကျဆင်းခဲ့သည်။ အခြားတစ်ဖက်တွင် ပီတီတီအီးပီ အနေဖြင့်  ရေနံဈေးကွက်ကျဆင်းမှုမှ ကာကွယ်ရန် ကြိုတင် ချုပ်ဆိုထားသည့် အရောင်းအဝယ် စာချုပ်များကြောင့် လက်ရှိ ပထမ သုံးလပတ် ကာလအတွက် အမေရိကန် ဒေါ်လာ ၂၂၂ သန်း (မြန်မာကျပ်ငွေ ၃၁၀ ဘီလီယံခန့်)ရရှိခဲ့ကြောင်းအတည်ပြုခဲ့သည်။ ထို့ကြောင့် ပျမ်းမျှရေနံစည် တစ်စည် (BOED) ၏ အရောင်းတန်ဖိုးအား အမေရိကန်ဒေါ်လာ ၃၁ကျပ် (မြန်မာကျပ်ငွေ ၄၃,၂၄၅ ) ဖြင့် ထိန်းသိမ်းထားနိုင်ခဲ့သည်။ သို့သော် ကုမ္ပဏီအနေဖြင့် အမေရိကန်ဒေါ်လာနှင့် ထိုင်းဘတ်ငွေ အကြား နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်အကျများရှိသဖြင့်  အမေရိကန်ဒေါ်လာ ၂၂၅ သန်း (မြန်မာကျပ်ငွေ ၃၁၄ ဘီလီယံ ခန့်) နှင့် ညီမျှသည့် ငွေတန်ဖိုးအပေါ်အခြေခံ၍ ဝင်ငွေခွန် ကုန်ကျစရိတ် များ ရှိခဲ့ပါသည်။
 
အထက်ဖော်ပြပါ အကြောင်းအရာများကြောင့် ပီတီတီအီးပီ မှာ ယခုနှစ် ပထမသုံးလပတ်တွင် အမေရိကန် ဒေါ်လာ ၂၇၅ သန်း(မြန်မာကျပ်ငွေ ၃၈၄ ဘီလီယံ ခန့်) အသားတင်အမြတ်ငွေရရှိခဲ့ပြီး ယမန်နှစ်နောက်ဆုံး သုံးလပတ် ၏ အမေရိကန်ဒေါ်လာ ၃၈၄ သန်း (မြန်မာကျပ်ငွေ ၅၃၆ ဘီလီယံ ခန့်) နှင့်  နှိုင်းယှဉ်ပါက ၂၈ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ ကုမ္ပဏီ၏ ငွေသားစီးဆင်းမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၉၈၁ သန်း (မြန်မာကျပ်ငွေ ၁,၃၆၈       ဘီလီယံ ခန့်) တွင်ရှိပြီး ယင်း ပမာဏ မှာ EBITDA (အတိုး၊အခွန်၊ တန်ဖိုးလျော့နှင့် အရစ်ကျ သုံးငွေများ ထည့်မတွက်မီ )၇၂ ရာခိုင်နှုန်း အမြတ်အစွန်းဖြစ်ပါသည်။
 
ရင်းနှီမြှပ်နှံမှုအစီအစဉ်များ ညှိနှိုင်းပြင်ဆင်ခြင်းအတွက် အသင့်အနေအထားရှိခြင်း
 
ဆက်လက်ပြီး Mr. Phongsthorn က “COVID-19 ၏ ရိုက်ခတ်မှု နှင့်အတူ ရေနံဈေးအကျပ်အတည်း အခြေအနေတွေက ပြည်တွင်းစွမ်းအင်လိုအပ်ချက်ကို လျော့ကျစေခဲ့ပါတယ်။ သူ့ရဲ့ နောက်ဆက်တွဲ ရလဒ်ကတော့ ပီတီတီအီးပီ အနေနဲ့ ၂၀၂၀ ခုနှစ်အတွက် တစ်ရက်ပျမ်းမျှ ရေနံစည် (BOED)  အရောင်းလျာထားချက်ကို ၃၆၂,၀၀၀ စည် ဆိုပြီး ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။ ဒါကတော့ မနှစ်က ရောင်းဖို့ လျာထားခဲ့တဲ့ တစ်ရက်ပျမ်းမျှ ရေနံစည် အရောင်း ၃၉၁,၀၀၀ (BOED)  နဲ့ ယှဉ်လိုက်ရင် ၇ ရာခိုင်နှုန်းလောက် လျော့ကျသွားခဲ့သလို သူနဲ့ ဆက်စပ် ကုန်ကျမယ့် ၂၀၂၀ ခုနှစ်အတွက် အသုံးစရိတ်မှာလည်း အမေရိကန်ဒေါ်လာ ၄,၆၁၃ သန်း (မြန်မာကျပ်ငွေ ၆,၄၃၅ ဘီလီယံ ခန့်) မှ ၁၅-၂၀ ရာခိုင်နှုန်း လျော့ကျခဲ့ပါတယ်။ အခုလို အသုံးစရိတ်တွေ လျော့ကျသွားတဲ့ အဓိက အကြောင်းအရင်းကတော့ အချို့ တူးဖော်ရေးလုပ်ငန်းများကို ဆိုင်းငံ့လိုက်ရတာကြောင့် သူနဲ့ ဆက်စပ်တဲ့ လုပ်ငန်း လည်ပတ်မှုဆိုင်ရာအသုံးစရိတ် တို့ကိုလျှော့ချနိုင်ခဲ့တာကြောင့်ဖြစ်ပါတယ်။ ဒါပေမယ့် လုပ်ငန်း လည်ပတ်မှုအတွက် လိုအပ်တဲ့ မတည်ငွေ (Capital Expenditure) ကို ထိန်းသိမ်းနိုင်ခဲ့တာကြောင့်  နိုင်ငံတော်ရဲ့စွမ်းအင် လိုအပ်ချက်ကို ကတိကဝတ်များအတိုင်း ဆက်လက် ထောက်ပံ့ပေးလျက်ရှိပါတယ်။ ပီတီတီအီးပီ အနေနဲ့ နောင်လာမယ့် ၃-၄ နှစ်အတွက် ကြိုတင် စီစဉ်ထားတဲ့အတိုင်း Mozambique Area 1 စီမံကိန်း နဲ့ မလေးရှားနိုင်ငံရဲ့  Block Sarawak SK410B ရှိ Lang Lebah သဘာဝဓာတ်ငွေ့လုပ်ကွက်တွေလို ဖွံ့ဖြိုးရေးစီမံကိန်းတွေမှာပါ ဆက်လက်ရင်းနှီးမြှုပ်နှံသွားဖို့လည်း ရှိပါတယ်။” ဟု ပြောကြားခဲ့သည်။
 
“အခုဆိုရင် ရေနံ ရှာဖွေရေး နှင့် ထုတ်လုပ်ရေး လုပ်ငန်းများလည်း ရေနံဈေးအကျပ်အတည်း နဲ့ နောက်တစ်ကြိမ် ရင်ဆိုင်နေရပါတယ်။ ပြီးခဲ့တဲ့ ၄-၅ နှစ်က စီးပွားရေးကျဆင်းမှုကို ကြုံတွေ့ရပြီးနောက်ပိုင်း ကုမ္ပဏီအနေနဲ့ ကုန်ကျစရိတ်တို့ကို အောင်မြင်စွာ ပြန်လည်ပြင်ဆင် ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် လက်ရှိ အချိန်မှာ အခြား ရေနံ ကုမ္ပဏီတွေနဲ့ ယှဉ်မယ်ဆိုရင် ကုန်ကျမှုစရိတ် ပိုနည်းတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အခု ရင်ဆိုင်နေရတာက  ရေနံဈေး အကျပ်အတည်းတစ်ခုတင် မဟုတ်ဘဲ ကမ္ဘာ့စီးပွားရေးကဏ္ဍကြီး တစ်ခုလုံးကပါ စိန်ခေါ်မှုတွေနဲ့  ကြုံတွေ့နေရတာပါ။ကျွန်တော်တို့ အနေနဲ့ ကုမ္ပဏီရဲ့ ဖွံ့ဖြိုး တိုးတက်မှု နဲ့ ရေရှည်တည်တံ့ခိုင်မြဲမှုအတွက် ကုန်ထုတ်လုပ်မှု တစ်ခုချင်းစီအလိုက် ကုန်ကျစရိတ်တို့ လျှော့ချရေးကိုသာ အာရုံစိုက်ရမှာ မဟုတ်ဘဲ ကျွန်တော်တို့ အဖွဲ့အစည်း တစ်ခုလုံးရဲ့  လိုက်လျောညီထွေအောင် ပြောင်းလဲနိုင်မှုတို့အပေါ်မှာ အလေးထားဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဒီလိုမျိုး အသွင်ပြောင်းလဲနိုင်မှုကြောင့် ကုမ္ပဏီ အနေနဲ့လည်း အနာဂတ်မှာ ဖြစ်ပေါ်လာနိုင်မယ့် ဘယ်လို ကုန်ကျစရိတ်မျိုးကိုမဆို တောင့်ခံထားနိုင်ရုံသာမက ဘယ်လို အခက်အခဲမျိုးမဆို ရင်ဆိုင် ကျော်လွှားနိုင်မယ်ဆိုတာ ယုံကြည်ထားပါတယ်။” ဟု Mr. Phongsthorn က ပြောကြားခဲ့သည်။
 
ပီတီတီအီးပီ ၏ ကုန်ထုတ်လုပ်မှုထဲမှ ၇၀ ရာခိုင်နှုန်းခန့်ကို ကိုယ်စားပြုထားသည့် သဘာဝ ဓာတ်ငွေ့ ၏ ရောင်းဈေးကို လွန်ခဲ့သည့် ၆လမှ ၂၄လအတွင်း ဖြစ်ပေါ်ခဲ့သည့် ပျမ်းမျှ စက်သုံးဆီ ဈေးနှုန်းတို့အပေါ် အခြေခံပြီး ပြင်ဆင်ခဲ့သည့် အရောင်းအဝယ်စာချုပ်အတိုင်း ဈေးနှုန်းများကို သတ်မှတ်နိုင်ခဲ့ပြီးဖြစ်ပါသည်။   သို့ဖြစ်ရာ ကျန်ရှိသည့် ကုမ္ပဏီ၏ စုစုပေါင်း အရောင်း ပမာဏ၏ ၃၀ ရာခိုင်နှုန်းဖြစ်သော ရေနံစိမ်းရောင်းအားမှာ ဈေးနှုန်းမတည်မငြိမ်မှုကြောင့် ပီတီတီအီးပီ အနေဖြင့်  ရေနံရောင်းချမှု အချို့ကို ရောင်းသူဝယ်သူ နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရယူထားသည့် ဈေးနှုန်းများဖြင့်သာ ရောင်းချပေးလျက်ရှိသည်။