သတင်း နှင့် မီဒီယာ

သတင်း

မြန်မာနိုင်ငံအစိုးရ၏ COVID-19 ရောဂါ တိုက်ဖျက်ရေးဆောင်ရွက်မှုများ အတွက် ပီတီတီအီးပီမြန်မာ့စီမံကိန်းက အမေရိကန်ဒေါ်လာ ၃၀,၀၀၀ ပံ့ပိုးကူညီ

24 Apr 2020

မြန်မာနိုင်ငံအစိုးရ၏ COVID-19 ရောဂါ တိုက်ဖျက်ရေးဆောင်ရွက်မှုများ အတွက် ပီတီတီအီးပီမြန်မာ့စီမံကိန်းက အမေရိကန်ဒေါ်လာ ၃၀,၀၀၀ ပံ့ပိုးကူညီ

မြန်မာ၊ ဧပြီလ ၂၄၊ ၂၀၂၀။    ။ ပီတီတီအီးပီမြန်မာ့စီမံကိန်းသည် မြန်မာပြည်သူလူထု၏ ဘဝအရည်အသွေး မြင့်မားစေရန်နှင့် အခွင့်အလမ်းများရရှိစေရန်အတွက် ၂၀၀၈ ခုနှစ်ကတည်းက ပြည်တွင်းလူထုအဖွဲ့အစည်းများနှင့် အတူပူးပေါင်းပြီး လူမှုအကျိုးပြု လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။  ထိုလုပ်ဆောင်မှုများသည် အခြေခံ လိုအပ်ချက်များ၊ ပညာရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်း အစရှိသည့် ဦးစားပေးကဏ္ဍကြီး (၄)ခု တို့ဖြစ်ပါသည်။
“အခြေခံလိုအပ်ချက်များ” ကဏ္ဍနှင့်ပတ်သက်၍ ကျန်းမာရေးစောင့်ရှောက်မှု ပံ့ပိုးပေးခြင်းသည် ပီတီတီအီးပီ မြန်မာ့စီမံကိန်း အနေဖြင့် ဂုဏ်ယူရသောလုပ်ဆောင်မှု တစ်ရပ်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်းရှိ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုအခွင့်အရေး နည်းပါးကြသည့် ကျေးလက်ဒေသနေပြည်သူလူထုအတွက် အခြေခံကျန်းမာရေးဝန်ဆောင်မှုကို အခမဲ့ဆောင်ရွက်ပေးနိုင်ရန်ရည်ရွယ်၍ “ရွေ့လျားကျန်းမာရေးစစ်ဆေးမှု” (Mobile Health Check) စီမံကိန်းကို ပြည်တွင်းကျန်းမာရေးဌာနများနှင့်အတူ ပူးတွဲဆောင်ရွက်လျက်ရှိသည်။

လက်ရှိအချိန်တွင် Covid-19 ရောဂါက ကမ္ဘာတဝှမ်းတွင်  ပြင်းပြင်းထန်ထန်ထိုးနှက်လျက်ရှိရာ မြန်မာလူမှုအသိုင်း အဝိုင်းကို ရှေ့တန်းမှ ကူညီပံ့ပိုးနေသူများအတွက် အမေရိကန်ဒေါ်လာ ၃၀,၀၀၀ ထည့်ဝင်ကူညီမည်ဟု ပီတီတီအီးပီမြန်မာ့စီမံကိန်းက ယခုလို ကြေညာလိုက်ပါသည်။ ဤလှူဒါန်းငွေကို Covid-19 ရောဂါပြန့်ပွားမှု ထိန်းချုပ် တိုက်ဖျက်ရေးအတွက် မဆုတ်မနစ် အားထုတ်လုပ်ကိုင်နေသော ဆေးရုံများအတွက် လိုအပ်သည့် ဆေးဘက်ဆိုင်ရာပစ္စည်းများ ထောက်ပံ့ရန်အတွက် ရည်မှန်းထားပါသည်။
မိမိတို့၏အသက်အန္တရာယ်ကို မမှုဘဲ လူနာများအား ရှေ့တန်း မှ ဂရုတစိုက် စောင့်ရှောက်ပေးနေသော ကျန်းမာရေး ဝန်ထမ်းများ၏ လုံခြုံဘေးကင်းမှုအတွက် အမေရိကန်ဒေါ်လာ ၂၀,၀၀၀ (မြန်မာကျပ်ငွေ ၂၈,၀၀၀,၀၀၀) ကို ရန်ကုန်မြို့၊ ဝေဘာဂီ မြောက်ဥက္ကလာဆေးရုံ (အစိုးရ ကူးစက်ရောဂါဆေးရုံ၊ Covid 19 ရောဂါထိန်းချုပ်ရေးဗဟို)သို့ ပီတီတီအီးပီမြန်မာ့စီမံကိန်းက ထည့်ဝင်လှူဒါန်းခဲ့ပါသည်။ ထို့ပြင် ပီတီတီအီးပီမြန်မာ့စီမံကိန်း၏ လုပ်ငန်းများ တည်ရှိရာ တနင်္သာရီတိုင်း ဒေသဝန်းကျင်အတွက် လိုအပ်နေသည့် ဆေးဝါးအသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးနိုင်ရန် အမေရိကန်ဒေါ်လာ ၇၀၀ (မြန်မာကျပ်ငွေ ၉၈၀,၀၀၀) ကို ရေဖြူမြို့နယ်ရှိ အမှတ် (၁၃) တပ်မတော်ဆေးရုံသို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့အတူ ကန်ဘောက်ဒေသ နှင့် ထားဝယ် မြို့နယ်များရှိ  Covid-19 Facility Quarantine Centre များအတွက် အမေရိကန်ဒေါ်လာ ၂,၄၀၀ (မြန်မာ ကျပ်ငွေ ၃,၃၆၀,၀၀၀) ကို ထည့်ဝင် လှူဒါန်းခဲ့ပါသည်။ယင်း ကန်ဘောက်ဒေသကို lock down ချပါက အရေးပေါ် ကယ်ဆယ်ရေး ဆန်အိတ်များအတွက် အမေရိကန်ဒေါ်လာ ၂,၀၀၀ (မြန်မာကျပ်ငွေ ၂,၈၀၀,၀၀၀)ကို ထပ်မံလှူဒါန်းရန် ပီတီတီအီးပီမြန်မာ့စီမံကိန်းက စီစဉ်ဆောင်ရွက်ထားပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံပြည်သူ့ ဆေးရုံတွင် ဆေးဝါးပစ္စည်းများ ပြတ်တောက်သွားခြင်းမရှိရအောင် တစ်ကိုယ်ရေသုံးရောဂါကာကွယ်ရေးဝတ်စုံများ (PPE) ၊ နဖူးအပူချိန်တိုင်းကိရိယာ၊ Surgical Masks များ၊ ဆီလီကွန် လက်အိတ်များ၊ လက်သန့်စင်ဆေးများစသည့် မဖြစ်မနေသုံးစွဲရမည့် ကာကွယ်ရေးပစ္စည်းများဖြင့် ထောက်ပံ့ပေးနိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၂,၂၅၀ (မြန်မာကျပ်ငွေ ၃,၀၀၅,၀၀၀) ကို လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ထို့အပြင် ဖျာပုံမြို့နယ်အတွင်းရှိ ဒေါ်ငြိမ်း၊ ကမာ၊ ကျုံကဒွန်း နှင့် ကနီကျေးရွာများရှိ ဆေးရုံများအတွက် နှာခေါင်းစည်းများနှင့် လက်အိတ်များဝယ်ယူရန် အမေရိကန်ဒေါ်လာ ၁,၂၅၀ (မြန်မာကျပ်ငွေ ၁,၇၅၀,၀၀၀) ကို လာမည့် ရက်အနည်းငယ်အတွင်း ထပ်မံလှူဒါန်းသွားမည်ဖြစ်သည်။

ထို့အပြင် မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်ရှိ သရက်ပြည်သူ့ဆေးရုံသို့ အမေရိကန်ဒေါ်လာ ၁,၂၀၀ (မြန်မာကျပ်ငွေ ၁,၆၀၀,၀၀၀) လှူဒါန်းခဲ့သည့်အပြင် သရက်ခရိုင်အုပ်ချုပ်ရေးဦးစီးဌာနကိုလည်း အမေရိကန်ဒေါ်လာ ၁,၈၀၀(မြန်မာကျပ်ငွေ ၂,၅၀၀,၀၀၀) တန်ဖိုးရှိသည့် Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာဆေးပစ္စည်းများကို လှူဒါန်းခဲ့ပါသည်။

ပီတီတီအီးပီမြန်မာ့စီမံကိန်း၏ အထွေထွေမန်နေဂျာ ဖြစ်သူ Mr. Piya Sukhumpanumet မှ “ဒီလှူဒါန်းမှုဟာ သက်ဆိုင်ရာ ပြည်သူ့ဆေးရုံတွေမှာ Covid-19 ကပ်ရောဂါ ကာကွယ်ဖို့၊ ထိန်းချုပ်ဖို့ နဲ့ ကုသမှုပေးနိုင်ဖို့ အတွက် လိုအပ်တဲ့ ဆေးအထောက်အကူပစ္စည်းများ ကိုထောက်ပံ့ပေးဖို့ ရည်ရွယ်သလို ကျွန်တော်တို့ရဲ့ လုပ်ငန်းများလည်ပတ်ဆောင်ရွက်နေတဲ့ ဝန်းကျင်အနီးအနားက အသွားအလာကန့်သတ် ထိန်းသိမ်းရေးစင်တာ (Facility Quaratine Centre) များအတွက်ပါ လှူဒါန်းခြင်းဖြစ်ပါတယ်။ လက်ရှိ ဘုံရန်သူဖြစ်တဲ့ Covid-19 ကိုတိုက်ထုတ်ရာမှာ အစိုးရဌာနများ နဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းများရဲ့ ကြိုးစားအားထုတ်မှုတွေကိုလည်း မျက်မြင် မြင်တွေ့နေရပြီး  ကျွန်တော်တို့က အခုလို တစ်ထောင့်တစ်နေရာကနေ ပါဝင်ခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်။ ပီတီတီအီးပီမြန်မာ့စီမံကိန်းအနေနဲ့ Covid-19 ကပ်ရောဂါကို တိုက်ဖျက်ရာမှာ အစိုးရနဲ့ တစ်တပ်တစ်အား ဆက်လက်ပူးပေါင်းသွားမှာပါ။” ဟု ပြောကြားခဲ့သည်။