သတင်း နှင့် မီဒီယာ

သတင်း

ပီတီတီအီးပီသည် လုပ်ငန်းနယ်ပယ်ကို ဦးဆောင်သူ Industry Leader ဟု ဒုတိယအကြိမ်မြောက် အမည်သတ်မှတ်ခံရခြင်းနှင့်အတူ DJSI အဖွဲ့ဝင်အဖြစ် ၆နှစ်ဆက်တိုက်ရွေးချယ်ခံရ

30 Sep 2019

၃၀ စက်တင်ဘာလ ၂၀၁၉၊ ရန်ကုန်၊ မြန်မာ။ – ပီတီတီအီးပီ (ပီတီတီအီးပီမြန်မာ့စီမံကိန်း၏ မိခင်ကုမ္ပဏီ) သည် Dow Jones Sustainability Indices (DJSI)၏ ကမ္ဘာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ရေးနှင့် ဘက်စုံပေါင်းစည်းရေးလုပ်ငန်းနယ်ပယ်တွင် ၂၀၁၉ ခုနှစ်အတွက် Dow Jones Sustainability Indices (DJSI) အဖွဲ့ဝင်အဖြစ် ၆နှစ်ဆက်တိုက် ထပ်မံရွေးချယ်ခံရပါသည်။ ကုမ္ပဏီသည် လုပ်ငန်းနယ်ပယ်ကိုဦးဆောင်သူ Industry Leader ဟုလည်း ဤလုပ်ငန်းနယ်ပယ်ကဏ္ဍတွင် ၂၀၁၆ ခုနှစ်က ပထမအကြိမ်၊ ယခုနှစ်တွင် ဒုတိယအကြိမ်မြောက်အဖြစ် အမည်သတ်မှတ်ခြင်းခံရပါသည်။

Industry Leader အဖြစ် ကမ္ဘာ့အဆင့် အသိအမှတ်ပြုခံရခြင်းသည် ပီတီတီအီးပီအနေဖြင့် လုပ်ငန်းနယ်ပယ်တူ အဖွဲ့အစည်းများထက် ပိုမိုမြင့်မားသောအကောင်းဆုံးအဆင့်သတ်မှတ်ချက် Rating ရရှိခြင်းနှင့် ကဏ္ဍပေါင်းများစွာတွင် ရမှတ်ရာနှုန်းပြည့် (၁၀၀/၁၀၀) ရရှိခြင်းတို့အပေါ်အခြေခံပြီး ရရှိလာခြင်းဖြစ်ပါသည်။

ပီတီတီရေနံရှာဖွေရေးနှင့်ထုတ်လုပ်ရေး အများပိုင်ကုမ္ပဏီလီမိတက် (PTTEP) ၏ ဥက္ကဌနှင့်အမှုဆောင်အရာရှိချုပ်ဖြစ်သော Phongsthorn Thavisin က “DJSI အဖွဲ့ဝင်တစ်ဦးအဖြစ် ထပ်မံရွေးချယ်ခံရတဲ့အတွက် ကျွန်တော်တို့အလွန်ဂုဏ်ယူပါတယ်။ ဒီအချက်က စီးပွားရေး၊ လူမှုအသိုက်အဝန်းအရေးနဲ့ သဘာဝပတ်ဝန်းကျင်အပါအဝင် ရှုထောင့်နယ်ပယ်အားလုံးမှာ စဉ်ဆက်မပြတ် ရေရှည်တိုးတက်အောင် ဆောင်ရွက်သွားမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ခိုင်မာတဲ့ကတိကဝတ်ကို ထင်ဟပ်ပြတာပါပဲ။ ကျွန်တော်တို့ရဲ့ မျှော်မှန်းချက် (Vision) ဖြစ်တဲ့ ‘ရွေးချယ်ထိုက်သည့် စွမ်းအင်မိတ်ဖက် - Energy Partner of Choice’ ဆိုတာနဲ့အညီ သက်ဆိုင်ရာ အခန်းကဏ္ဍတိုင်းမှာ ကျွန်တော်တို့ရဲ့ ရှယ်ယာရှင်တွေအတွက် ထိုက်တန်တဲ့တန်ဖိုးထားမှုတွေကို ဖန်တီးပေးနိုင်အောင် အမြဲအတူပူးပေါင်းဆောင်ရွက်သွားမှာပါ။” ဟုပြောကြားခဲ့ပါသည်။

Dow Jones Sustainability Indices (DJSI) များသည် S&P Global Broad Market Index ညွှန်းကိန်းရှိ အကြီးမားဆုံးကုမ္ပဏီပေါင်း ၂၅၀၀ တို့၏ ရေရှည်တည်တံ့အောင် ထိန်းသိမ်းဆောင်ရွက်နိုင်စွမ်းကို အကဲဖြတ်သော နိုင်ငံတကာအသိအမှတ်ပြု ညွှန်းကိန်းများ အစုအဖွဲ့တစ်ခုဖြစ်ပါသည်။ DJSI တွင် ပါ၀င်ရွေးချယ်ခံနိုင်ရန်အတွက် လုပ်ငန်းအဖွဲ့အစည်း ကုမ္ပဏီများအနေဖြင့် စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုအဖွဲ့အစည်းဆိုင်ရာ တိုင်းတာမှုမှတ်ကျောက်များစွာဖြင့် တိုင်းတာတန်ဖိုးဖြတ်ခံရပါမည်။ ဤညွှန်းကိန်းများက ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များအတွက် မိမိတို့၏ ရင်းနှီးမြှုပ်နှံမှုအစုစုတွင် ရေရှည်တည်တံ့ခိုင်မြဲအောင်ထိန်းသိမ်းမှုဟူသောအချက်ကို ထည့်သွင်းစဉ်းစားသည့် အခြေခံစံသတ်မှတ်ချက်များအဖြစ် ဆောင်ရွက်ပေးပါသည်။

ယခုကဲ့သို့ ၆ နှစ်ဆက်တိုက် အသိအမှတ်ပြုခံရခြင်းက မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းရှိ ကျွန်ုပ်တို့နှင့်လုပ်ငန်းအတူ လုပ်ကိုင်ဆောင်ရွက်သူများထံသို့ ယုံကြည်စိတ်ချရသော စွမ်းအင်ထောက်ပံ့မှုနှင့် ရေရှည်တည်တံ့သော တန်ဖိုးကို ပံ့ပိုးပေးရန်ဟူသော ကျွန်ုပ်တို့၏ စဉ်ဆက်မပြတ် ရည်စူးဆောင်ရွက်နေမှုကို ထင်ထင်ရှားရှား လက်တွေ့ပြသခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်တို့ ပီတီတီအီးပီမြန်မာ့စီမံကိန်းအနေဖြင့် ထူးခြားမှတ်သားလောက်သော ဤကမ္ဘာတစ်လွှား အသိအမှတ်ပြုခံရခြင်းတွင် တစ်စိတ်တစ်ပိုင်းပါ၀င်ခွင့်ရသည့်အတွက်  ဂုဏ်ယူဝမ်းမြောက်မိပါသည်။