Myanmar Asset Press Release
ပီတီတီအီးပီမြန်မာ့စီမံကိန်းကမြန်မာနိုင်ငံ၏နည်းပညာလုပ်သားအင်အားစုဖွံ့ဖြိုးတိုးတက်မှုတွင်ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်
၂၆ ဖေဖော်ဝါရီ၊ ၂၀၁၈။ ရန်ကုန်။ မြန်မာ – PTTEP Myanmar Assetက မြန်မာနိုင်ငံ၏စက်မှုလက်မှုနည်းပညာလုပ်သားအင်အားစု ဖွံ့ဖြိုးတိုးတက်မှုအတွက် စက်မှုလက်မှုနည်းပညာစွမ်းဆောင်ရည် တည်ဆောက်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ် ဒုတိယအဆင့် (၂ဝ၁၈ ခုနှစ်မှ ၂ဝ၂၂ အထိ ၅ နှစ်တာစီမံချက်) တွင် အသုံးစရိတ်ငွေ အမေရိကန်ဒေါ်လာ ၃၈၀,၀၀၀ ကို လျာထားသတ်မှတ်လိုက်ပါသည်။ အဆိုပါရန်ပုံငွေများကို သင်တန်းသား ၁,၅၀၀ ကျော်၏ သင်တန်းကြေးနှင့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်း စရိတ်များအတွက် ငွေကြေး ထောက်ပံ့ပေးခြင်း၊ မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှုလေ့ကျင့်ရေးစင်တာတွင် အထောက်အကူပြုပစ္စည်းများနှင့် ကိရိယာတန်ဆာပလာများ အဆင့်မြှင့်တင်ခြင်းတို့တွင် သုံးစွဲသွားမည်ဖြစ်ပါသည်။ ဤသတင်းကို ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းအဆောက်အအုံတွင် ယနေ့ကျင်းပသော ၂၀၁၇ ခုနှစ်အတွက် သင်တန်းဆင်းလက်မှတ်ပေးအပ်သည့် အခမ်းအနားတွင် PTTEP Myanmar Asset ၏ General Manager ဖြစ်သည့် Mr. Piya Sukhumpanumet က ထုတ်ပြန်ကြေညာလိုက်ပါသည်။
၂၀၁၅ ခုနှစ်တွင် စတင်ခဲ့သော စက်မှုလက်မှုနည်းပညာစွမ်းဆောင်ရည်တည်ဆောက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်သည် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ အပြည့်အဝပံ့ပိုးပေးမှုဖြင့် PTTEP Myanmar Asset ၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နှင့် မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှုလေ့ကျင့်ရေးစင်တာတို့ ပူးပေါင်းဆောင်ရွက်ကြသည့် အစီအစဉ်တစ်ရပ်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်း လစ်ဟာနေသော ကျွမ်းကျင် စက်မှုလက်မှုနည်းပညာလုပ်အားလိုအပ်ချက်ကို ကိုင်တွယ်ဖြေရှင်းရန် ပုံဖော်ဆောင်ရွက်သည့် ဤအစီအစဉ်သည် အခြေခံအဆောက်အအုံ တိုးတက်ဖွံ့ဖြိုးမှုနှင့် စက်မှုနည်းပညာသင်တန်းများမှတစ်ဆင့် ပြည်တွင်းအလုပ်အကိုင်ခန့်ထားနိုင်မှုကို တိုးမြင့်ပေးရင်း မြန်မာနိုင်ငံတိုးတက်ဖွံ့ဖြိုးအောင် ပံ့ပိုးပေးရန်အတွက် ကျွမ်းကျင်လုပ်သားအင်အား ပိုမိုဖြည့်ဆည်းပေးရန်ရည်ရွယ်ပါသည်။
စီမံကိန်းပထမဆင့် (၂၀၁၅-၂၀၁၇) တွင် မြန်မာလုပ်သား ရ၆၃ ဦးသည် ဂဟေဆော်ခြင်း၊ လေအေးပေး စက်တပ်ဆင်ခြင်းနှင့်ပြုပြင်ခြင်း၊ နှင့် လျှပ်စစ်ဆိုင်ရာသင်တန်းပေါင်း ၂၅ ခုတွင် သင်ယူခြင်းတို့မှ အကျိုး ကျေးဇူးများရရှိခဲ့ပါသည်။ ဤကာလအတွင်း ပါ၀င်တက်ရောက်သူ ၁၅၀ သည် ဂဟေဆော်ကျွမ်းကျင်သူ၊ လေအေးစက်ကျွမ်းကျင်သူနှင့် လျှပ်စစ်ကျွမ်းကျင်သူများအဖြစ် မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှုစံသတ်မှတ်ပြဌာန်းရေးအဖွဲ့ National Skills Standards Authority (NSSA) ၏ စစ်ဆေးအကဲဖြတ်မှုများကို ပြီးစီးအောင်မြင်ခဲ့ကြပါသည်။ လွန်ခဲ့သည့် သုံးနှစ်တာကာလအတွင်း PTTEP ၏ ထည့်ဝင်ကူညီမှုမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၆၁,၇၀၈ ဒေါ်လာရှိပါသည်။ ယင်းကူညီထည့်ဝင်ငွေများကို မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှုလေ့ကျင့်ရေးစင်တာ၏ ဂဟေနှင့်လေအေးစက်အလုပ်ရုံများအတွက် ပစ္စည်းကိရိယာအသစ်များ ထောက်ပံ့ပေးခြင်းနှင့် သင်တန်းသားများ၏သင်တန်းကြေးနှင့် NSSA စစ်ဆေး အကဲဖြတ်မှုကြေးများ ထောက်ပံ့ခြင်းများအတွက် သုံးစွဲခဲ့ပါသည်။
Mr. Piya Sukhumpanumet က “မြန်မာနိုင်ငံဟာ ၂၀၁၀ ပြည့်နှစ်ကတည်းက ပြောင်းလဲမှုတွေအများကြီး ကြုံတွေ့ရပြီး အလျင်အမြန်တိုးတက်ဖွံ့ဖြိုးလာပါတယ်။ ဒါပေမဲ့ တိုင်းပြည်ရဲ့တိုးတက်ဖွံ့ဖြိုးမှုကို ဖြည့်ဆည်းပေးဖို့ ကျွမ်းကျင်လုပ်သားလိုအပ်နေပါတယ်။ ဒီအချက်က အဲဒီကွက်လပ်ကိုဖြည့်နိုင်အောင် နိုင်ငံခြားသားကျွမ်းကျင်သူတွေ ငှားရမ်းရမယ်ဆိုတဲ့အဓိပ္ပာယ်ကို ဖော်ပြနေပါတယ်။ အကျိုးဆက်အနေနဲ့ကတော့ ပြည်တွင်းလုပ်သားတွေဟာ တိုးမြင့်လာနေတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို အပြည့်အဝ အကျိုးခံစားခွင့်မရနိုင်တာပါပဲ။” ဟု ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး “မြန်မာနိုင်ငံမှာ ရေရှည်ယုံကြည်စိတ်ချရတဲ့ လုပ်ငန်းမိတ်ဖက်နဲ့ ရင်းနှီးမြှုပ်နှံသူတစ်ဦးအဖြစ်နဲ့ PTTEP Myanmar Asset ဟာ မြန်မာ့လုပ်သားအင်အားစုရဲ့ စက်မှုလက်မှုနည်းပညာစွမ်းရည်ကို မြှင့်တင်ပေးနိုင်အောင်လို့ စက်မှုလက်မှုနည်းပညာစွမ်းဆောင်ရည်တည်ဆောက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်ကို ၂၀၁၅ ခုနှစ်မှာ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းရဲ့ ပံ့ပိုးပေးမှုနဲ့ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးစင်တာတို့နဲ့အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ သုံးနှစ်ကျော်ကာလတိုင် ၀န်ကြီးဌာန၊ လေ့ကျင့်ရေးဗဟိုနဲ့ MOGE တို့ရဲ့ ပံ့ပိုးကူညီပေးမှုတွေအတွက် ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ ဒိစီမံကိန်းရဲ့ နောက်တစ်ဆင့်မှာလည်း မြန်မာ့စက်မှုလက်မှုနည်းပညာလုပ်သားတွေအတွက် အပြုသဘောဆောင်တဲ့ စီးပွားရေးနဲ့အလုပ်အကိုင်အခွင့်အလမ်း ရလဒ်တွေရရှိနိုင်အောင် တွန်းအားပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။” ဟု ထပ်လောင်းပြောကြားခဲ့ပါသည်။
ယမန်နှစ်အစီအစဉ်တွင် ပါ၀င်ခဲ့ကြသူ ၃၉၉ ဦးသည် ယနေ့ကျင်းပသော ၂၀၁၇ ခုနှစ်အတွက် အောင်လက်မှတ်ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားတွင် အသိအမှတ်ပြုချီးမြှင့်ခြင်းခံခဲ့ရပါသည်။ လေအေးပေးစက်ကျွမ်းကျင်သူနှင့် လျှပ်စစ်ပညာရပ်ကျွမ်းကျင်သူ NSSA Assessments စိစစ်အကဲဖြတ်ခံသူ ၁၀၀ အနက်မှ အောင်မြင်သူ ၈၀ ဦးကိုလည်း အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ NSSA နှင့် PTTEP တို့မှ ကိုယ်စားပြုသူများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ၊ အောင်မြင်သော သင်တန်းသားများတက်ရောက်သည့် ယနေ့အခမ်းအနားတွင် ချီးမြှင့်ဂုဏ်ပြုခဲ့ပါသည်။
အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးစိန်ဝင်းက “ဖွံ့ဖြိုးတိုးတက်မှုနဲ့ အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းတွေ ပိုမိုစတင်လုပ်ဆောင်နေတာကြောင့် ကျွန်တော်တို့တိုင်းပြည်တိုးတက်မှုအတွက် ကျွမ်းကျင်မှုပြည့်ဝတဲ့ လုပ်သားအင်အားက အလွန်အရေးပါပါတယ်။ PTTEP Myanmar Asset နဲ့အတူပူးတွဲဆောင်ရွက်တဲ့ စွမ်းဆောင်ရည်တည်ဆောက်မှုအစီအစဉ်ဟာ ဒီလိုအပ်ချက်ကို ကိုင်တွယ်ဖြေရှင်းတဲ့နည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ယခုချိန်ထိ သင်တန်းပြီးဆုံးသွားတဲ့သင်တန်းသားတွေရဲ့ ၈၀ ရာခိုင်နှုန်းက အလုပ်အကိုင်တွေ ရရှိကုန်ကြပါပြီ။ ဒီလို တိုက်တွန်းအားပေးမှုပြုရင် ဒီ့ထက်အများကြီးပိုမိုပြီးမြောက်မှာပါ။ အလုပ်သမားတွေရဲ့ ကျွမ်းကျင်မှုစွမ်းရည်တွေ ပိုမိုမြင့်မားလာဖို့နဲ့ ပိုကောင်းတဲ့အလုပ်အကိုင်တွေရရှိဖို့ စီမံကိန်း ဒုတိယဆင့်မှာ ကျွန်တော်တို့ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။” ဟု သုံးသပ်ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှုလေ့ကျင့်ရေးစင်တာ၏ ကျောင်းအုပ်ကြီး ဒေါ်ခင်မာအေးက “၂၀၁၈ခုနှစ်မှာ ပြည်တွင်းအလုပ်သမားပေါင်း ၅၀၀ လောက်ကို သင်တန်းပေါင်း ၁၂ ခု ပို့ချလေ့ကျင့်ပေးသွားဖို့ ရည်မှန်းထားပါတယ်။ မတ်လမှာ လျှပ်စစ်ပညာရပ်သင်တန်းကို ပထမဦးဆုံးဖွင့်လှစ်မှာဖြစ်ပြီး ကျန်သင်တန်းအစီအစဉ်တွေကိုလည်း ပြည်တွင်းသတင်းစာတွေမှာ ကြိုတင်ကြေညာပေးသွားမှာဖြစ်ပါတယ်။ စိတ်ပါ၀င်စားသူတွေအနေနဲ့ ဒီသင်တန်းတွေကို တက်ရောက်ကြဖို့ တိုက်တွန်းပါတယ်။” ဟု ပြောကြားခဲ့ပါသည်။