PTTEP Myanmar Asset က မုတ္တမပင်လယ်ကွေ့တွင် မျောနေသော မြန်မာရေလုပ်သား ၁၂ ဦးကို ကယ်ဆယ်ခဲ့

18 July 2018
Save as PDF

၁၈ ဇူလိုင် ၂၀၁၈။ ရန်ကုန်။ မြန်မာ – မူရင်းရေယာဉ်ပျက်စီးသဖြင့် သစ်သားလှေငယ်ဖြင့် ပင်လယ်ပြင်တွင် မျောနေသော မြန်မာရေလုပ်သား ၁၂ ဦးကို PTTEP Myanmar Asset (PTTEP) ၏ ဇောတိကလုပ်ငန်းလည်ပတ်ဆောင်ရွက်မှုအဖွဲ့ (Zawtika Operation team) နှင့် တွင်းတူးစက်အဖွဲ့ E Drill-2 rig team တို့က ၂၀၁၈ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ကယ်ဆယ်ခဲ့ပါသည်။ အဆိုပါရေလုပ်သားများသည် ရာသီဥတုအခြေအနေဆိုးဝါးသော ပင်လယ်ပြင်အတွင်း ငါးရက်ကြာမျောပါခဲ့ပြီးမှ မုတ္တမပင်လယ်ကွေ့ရှိ ဇောတိကစီမံကိန်း၏ ရေနံတွင်းတူးစင်အနီးတွင် PTTEP ဝန်ထမ်းများကတွေ့ရှိခဲ့ခြင်းဖြစ်ပါသည်။

ရေလုပ်သား ၁၂ ဦးလုံးကို PTTEP ၏ ENA Endeavour ထောက်ပံ့ကယ်ဆယ်ရေး ရေယာဉ်ပေါ်သို့ဘေးကင်းလုံခြုံစွာ ကယ်တင်ခဲ့ပြီး ၎င်းတို့၏ကျန်းမာရေးကို စစ်ဆေးပေးကာ အခြေအနေတည်ငြိမ်မှုရှိအောင် ဆောင်ရွက်ပေးခဲ့ကြပါသည်။ အစားအသောက်၊ အဝတ်အထည်များလည်း ပံ့ပိုးပေးပြီး ခေတ္တနေထိုင်ခွင့်ပေးခဲ့ပါသည်။

ယင်းသို့ကယ်ဆယ်ထားစဉ်အတွင်း ရေလုပ်သားများ၏ဖြစ်ရပ်ကို အသိပေးအကြောင်းကြားရန်နှင့် ဘေးကင်းလုံခြုံစွာ နေရပ်သို့ပြန်နိုင်ရန်အတွက် PTTEP သည် တပ်မတော်ရေ၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)၊ လူဝန်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် သက်ဆိုင်ရာမြန်မာအာဏာပိုင်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ပါသည်။

၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် PTTEP ၏ ထောက်ပံ့ကူညီမှုဖြင့် ယင်းရေလုပ်သားများကို Hai Diong-01 ထောက်ပံ့ကယ်ဆယ်ရေးရေယာဉ်ဖြင့် ကမ်းပေါ်သို့ ဘေးကင်းလုံခြုံစွာ ပြန်လည်ပို့ဆောင်ပေးခဲ့ပါသည်။ PTTEP ၏ Logistics Operation Manager ဖြစ်သူ Mr. Thiti Preeyanurak နှင့် Safety, Security, Health and Environment (SSHE) Manager ဖြစ်သူ Mr. Sutus Preuksjamas တို့ဦးဆောင်သော ကုမ္ပဏီကိုယ်စားပြုသူများနှင့် မြန်မာအာဏာပိုင်အဖွဲ့ဝင်များက ယင်းရေလုပ်သားများအား သာကေတကမ်းလွန်ထောက်ပံ့ရေးအခြေစိုက်စခန်းတွင် ကြိုဆိုခဲ့ကြပါသည်။

ယခုဖြစ်ရပ်သည် PTTEP က ပင်လယ်ပြင်တွင် ဒုက္ခရောက်၍မျောပါနေသောသူများကို ကယ်ဆယ်ခဲ့သည့် စတုတ္ထမြောက်ဖြစ်ရပ်ဖြစ်ပါသည်။ ၂၀၁၆ ခုနှစ် ဇူလိုင်လတွင် ထိုင်းနိုင်ငံပင်လယ်ကွေ့တွင် မီးလောင်နေသော ငါးဖမ်းသင်္ဘောမှ လုပ်သား ၄၀ ကို PTTEP က ကယ်ဆယ်ခဲ့ရာ ယင်းတို့အနက်မှ အများစုသည် မြန်မာနိုင်ငံမှဖြစ်ပါသည်။ PTTEP သည် မီးလောင်နေသောငါးဖမ်းသင်္ဘောကို မီးငြှိမ်းသတ်ရန်အတွက်လည်း ထိုင်းနိုင်ငံတော်ဝင်ရေတပ်နှင့်အတူ လုပ်ဆောင်ခဲ့ပါသည်။

အဆိုပါ ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင်လည်း PTTEP ၏ ဇောတိကလုပ်ငန်းလည်ပတ်မှုပံ့ပိုးရေးသင်္ဘော Zawtika Operations Support Vessel သည် ကုန်သင်္ဘောနစ်မြုပ်၍ မုတ္တမပင်လယ်ကွေ့တွင် ငါးရက်ကြာမျောပါနေသော သင်္ဘောသား ၁၄ ဦးကို ကယ်ဆယ်ခဲ့ပါသည်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ဇောတိကလုပ်ငန်းလည်ပတ်ဆောင်ရွက်မှုအဖွဲ့ (Zawtika Operation team) သည် မုတ္တမကွေ့တွင် ငါးဖမ်းလှေကွဲပြီး ၇ ရက်ကြာမျောပါနေသော မြန်မာငါးဖမ်းသမား ၃ ဦးကိုလည်း ကယ်ဆယ်ပေးခဲ့ပါသေးသည်။ ယနေ့အထိဆိုလျှင် PTTEP ကုမ္ပဏီသည် ပင်လယ်ပြင်တွင် ဒုက္ခရောက်နေသော လူ့အသက်ပေါင်း ၇၀ နီးပါးကို ကယ်ဆယ်ပေးခဲ့ပြီးဖြစ်ပါသည်။

Mr. Preuksjamas က “ပင်လယ်ပြင်မှာ ခိုကိုးရာမဲ့နေတဲ့ ဒုက္ခသည်တွေကို တွေ့တဲ့အခါ သူတို့ကိုတွေ့ရတဲ့ အခြေအနေတွေ အနေအထားတွေကို ထည့်မတွက်ဘဲ လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ ကူညီကြတာ ကျွန်တော်တို့ရဲ့လုပ်ထုံးလုပ်နည်းပါပဲ။ ကယ်ဆယ်သူရော၊ ဒုက္ခသည်နှစ်ဖက်စလုံးရဲ့လုံခြုံဘေးကင်းမှုအတွက် ဦးစားပေး ဆောင်ရွက်ပါတယ်။” ဟု ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ “ဒီလိုဆောင်ရွက်တာဟာ ကုမ္ပဏီရဲ့အရေးပါတဲ့လုပ်ငန်းအစိတ်အပိုင်းတစ်ခုဖြစ်တဲ့၊ လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုမှန်သမျှမှာ လုံခြုံမှု၊ ဘေးအန္တရာယ်ကင်းရှင်းမှုနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ အခြေခံသဘောတရားတွေကို ပံ့ပိုးပေးတဲ့ PTTEP ရဲ့ SSHE Management System နဲ့ အညီ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ဒီလိုမျိုးအရေးပေါ်ကိစ္စရပ်တွေမှာ PTTEP အနေနဲ့ အဆင်သင့်ဖြစ်နေဖို့အတွက် SSHE ရဲ့ ကူညီပြင်ဆင်ပေးမှုကို အောင်မြင်အောင်တွန်းအားပေးနိုင်ဖို့ PTTEP အဖွဲ့အစည်းရဲ့ အဆင့်အလွှာအသီးသီးက ဝန်ထမ်းတွေနဲ့ လုပ်ငန်းစာချုပ်ချုပ်ဆို လုပ်ကိုင်ဆောင်ရွက်သူတွေဟာ အတူတကွ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြပါတယ်။” ဟု ထပ်လောင်းပြောကြားခဲ့ပါသည်။

မိမိ၏ဝန်ထမ်းများ၊ မိမိနှင့်လုပ်ငန်းစာချုပ်ချုပ်ဆိုလုပ်ကိုင်ဆောင်ရွက်သူများအား ဤသို့သော အရေးပေါ်ကိစ္စရပ်များတွင် ကူညီပေးသည့်လက်များ ကမ်းဆင့်စေသည်သာမက PTTEP သည် ဝန်ထမ်းများအား အပြည့်အဝကာကွယ်ပေးပြီး၊ ဘေးကင်းလုံခြုံသော လုပ်ငန်းဝန်းကျင်ကို ပံ့ပိုးပေးနေသည်သာမက “မိမိတို့၏လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုများတွင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်နာကျင်မှုမရှိစေရ” ဟူသည့် ရည်မှန်းချက် Target Zero: "Nobody Gets Hurt from our Operations" သို့ ရောက်ရှိအောင်ဆောင်ရွက်ရန် ကတိကဝတ်ထားရှိပါသည်။

PTTEP Myanmar Asset ၏ General Manager ဖြစ်သော Mr. Piya Sukumpanumet က “PTTEP ဟာ မြန်မာနိုင်ငံမှာ ရေရှည်တည်မြဲတဲ့စွမ်းအင်ကို ပို့ဆောင်ပေးဖို့ ကတိကဝတ်ထားရှိရုံသာမက အရေးပေါ်ကယ်ဆယ်ထောက်ပံ့ပေးမှုအတွက် အစွမ်းကုန် ကူညီပံ့ပိုးပေးလိုတဲ့ဆန္ဒလည်းရှိပါတယ်။ ရေလုပ်သား ၁၂ ဦး ခုလိုဘေးကင်းလုံခြုံစွာ နေအိမ်ကို ပြန်လည်ရောက်ရှိတဲ့အတွက် ကျွန်တော်တို့ဝမ်းသာပါတယ်။ ကျွန်တော်တို့အနီးဝန်းကျင်မှာရှိနေတဲ့ လူမှုအဖွဲ့အစည်းကို နိုင်ငံသားမရွေး အဆင့်အတန်းအခြေအနေမရွေး ကူညီနိုင်ဖို့ အမြဲအသင့်ရှိနေမှာပါ။” ဟု ပြောကြားခဲ့ပါသည်။