ပီတီတီအီးပီမြန်မာ့စီမံကိန်းက မြန်မာနိုင်ငံ၏ကျွမ်းကျင်လုပ်သားအင်အားစု ဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးကူညီရန်အတွက် ဆက်လက်ရင်းနှီးမြှုပ်နှံမည်

27 February 2019
Save as PDF

၂၇ ဖေဖော်ဝါရီလ ၂၀၁၉၊ ရန်ကုန်၊ မြန်မာ။ – ပီတီတီအီးပီမြန်မာ့စီမံကိန်းက မြန်မာနိုင်ငံ၏ နည်းပညာဆိုင်ရာ လုပ်သားအင်အားစုဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်၍ နည်းပညာဆိုင်ရာ စွမ်းဆောင်ရည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အတွက် ယခုနှစ် ၂၀၁၉ တွင် အမေရိကန်ဒေါ်လာ ၈၀,၀၀၀ သုံးစွဲမည်ဖြစ်ကြောင်း ရန်ကုန်မြို့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း အဆောက်အဦးတွင် ယနေ့ကျင်းပသော ၂၀၁၈ ခုနှစ် သင်တန်းဆင်းလက်မှတ်ချီးမြှင့်ပွဲ အခမ်းအနားက ထုတ်ပြန်ကြေညာပါသည်။ ၂၀၁၉ ခုနှစ်အစီအစဉ်တွင် ရွေးချယ်ခံရသူ ၆၀၀ ကျော်အား သင်တန်းစရိတ်နှင့်စာမေးပွဲကြေးများ ထောက်ပံ့ပေးမည်ဖြစ်ပါသည်။

ဤအစီအစဉ်ကို ၂၀၁၅ ခုနှစ်ကတည်းက စတင်ခဲ့ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမျိုးသားကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ပြည်တွင်းကျွမ်းကျင်နည်းပညာလူ့စွမ်းအားလိုအပ်ချက်ကို ဖြေရှင်းပေးသောအနေဖြင့် မြန်မာနိုင်ငံတိုးတက်မှုကို အထောက်အကူပြုမည့် ပြည်တွင်းကျွမ်းကျင်လုပ်သားများ တိုးပွားလာရန် ရည်ရွယ်ဆောင်ရွက်နေသလို အခြေခံအဆောက်အအုံတိုးတက်ဖွံ့ဖြိုးမှု၊ နည်းပညာဆိုင်ရာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးမှုများ ဆောင်ရွက်ပေးခြင်းဖြင့် ပြည်တွင်းအလုပ်အကိုင်ခန့်ထားမှု တိုးတက်အောင်လည်း ကူညီပေးနေပါသည်။

ယနေ့ကျင်းပသည့် ၂၀၁၈ ခုနှစ် သင်တန်းဆင်းလက်မှတ်ပေးအပ်ချီးမြှင့်သည့်အခမ်းအနားတွင် ယမန်နှစ်က ဖွင့်လှစ်ခဲ့သော ဂဟေဆော်ခြင်း၊ လေအေးပေးစက်တပ်ဆင်ခြင်းနှင့် ပြုပြင်ခြင်း၊ လျှပ်စစ်သင်တန်းများနှင့် ကျွမ်းကျင်မှုစံသတ်မှတ်ပြဌာန်းရေးအဖွဲ့ National Skills Standards Authority (NSSA) စစ်ဆေးအကဲဖြတ်မှု စသည့် သင်တန်း ၁၆ ခုမှ ပြီးဆုံးအောင်မြင်ခဲ့သည့် သင်တန်းသား ၄၆၄ ဦးကို အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ခဲ့ပါသည်။ ယခုနှစ် ၂၀၁၉ ခုနှစ်အတွက် သင်တန်းသားပေါင်း ၆၁၈ ဦးကို ယခင်ပံ့ပိုးပေးခဲ့သော သင်တန်းများအပြင် ထပ်တိုးသင်တန်းဖြစ်သော အဆင့်မြင့်လျှပ်စစ်ပညာသင်တန်းအသစ် ၂ ခု အပါအဝင် သင်တန်းအမျိုးအစားပေါင်း ၂၁ ဖြင့် ထောက်ပံ့ကူညီပေးသွားမည် ဖြစ်ပါသည်။ ၂၀၁၅ မှ ၂၀၁၈ ခုနှစ်ထိ ဂဟေဆော်ခြင်း၊ လေအေးပေးစက်တပ်ဆင်ခြင်း နှင့် ပြုပြင်ခြင်း၊ လျှပ်စစ်သင်တန်းများနှင့် NSSA စစ်ဆေးအကဲဖြတ်မှုများ စသည့် သင်တန်းပေါင်း ၄၁ ခုမှ ပြီးမြောက်အောင်မြင်ခဲ့သည့် ပြည်တွင်းမှ သင်တန်းသားပေါင်း ၁,၂၂၇ ဦးရှိပါသည်။ လွန်ခဲ့သည့် လေးနှစ်တာကာလ (၂၀၁၅-၂၀၁၈) အတွင်း ပီတီတီအီးပီမြန်မာ့စီမံကိန်းက နည်းပညာစွမ်းရည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၂၃,၆၃၈ ကို ထည့်ဝင်ကူညီခဲ့ပြီးဖြစ်ပါသည်။ ၄င်းငွေကြေးများကို ကျွမ်းကျင်မှုသင်တန်းကျောင်းပြန်လည်မွမ်းမံခြင်း၊ အဲကွန်းနှင့်ဂဟေသင်တန်းတွင် လိုအပ်သော သင်ထောက်ကူကိရိယာတန်ဆာပလာများကို ပံ့ပိုးပေးသကဲ့သို့ ကျွမ်းကျင်မှုစံသတ်မှတ်ပြဌာန်းရေးအဖွဲ့ စစ်ဆေးအကဲဖြတ်မှုနှင့် သင်တန်းများဖွင့်လှစ်သင်ကြားရေးတွင် ကျခံသုံးစွဲခဲ့ပါသည်။

အလုပ်သမားဝန်ကြီးဌာန၏မှတ်တမ်းအရ လွန်ခဲ့သည့် လေးနှစ်ကျော်ကာလအတွင်း သင်တန်းသားအရေအတွက်နှင့် အလုပ်ခန့်ထားမှုနှုန်းလည်း သိသိသာသာတိုးတက်လာကြောင်း သိရှိရပါသည်။ ၂၀၁၅ မှ ၂၀၁၈ ခုနှစ်အတွင်း NSSA စာမေးပွဲစစ်ဆေးခြင်းအပါအဝင် တက်ရောက်သူ သင်တန်းသားအရေအတွက် ၁၀၅ ဦးမှ ၁,၂၂၇ ဦးအထိ တိုးတက်လာခဲ့သည်။ သင်တန်းအပြီး အလုပ်ခန့်အပ်နိုင်မှုနှုန်းမှာလည်း ၈၀ ရာခိုင်နှုန်းကျော်အထိ တိုးတက်ခဲ့ပါသည်။

ပီတီတီအီးပီမြန်မာ့စီမံကိန်း၏ အထွေထွေမန်နေဂျာဖြစ်သူ Mr. Piya Sukhumpanument က “ရေရှည်ယုံကြည်ထိုက်တဲ့ လုပ်ငန်းမိတ်ဖက်အဖြစ် ပီတီတီအီးပီမြန်မာ့စီမံကိန်းက မြန်မာနိုင်ငံမှာ လုပ်ငန်းတွေလည်ပတ်ဆောင်ရွက်ခဲ့တာ အခုဆိုရင် နှစ် ၃၀ ပြည့်မြောက်ပါပြီ။ မြန်မာနိုင်ငံရဲ့ ရေရှည်တည်တံ့အောင်ထိန်းထားနိုင်မယ့် စီးပွားရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ လူ့စွမ်းအား အရင်းအမြစ်တိုးတက်ဖွံ့ဖြိုးရေးတို့မှာ တစ်စိတ်တစ်ပိုင်း ပါ၀င်ခွင့်ရတဲ့အတွက် အလွန်ဂုဏ်ယူပါတယ်။ ၂၀၀၈ ခုနှစ်ကစပြီး ပီတီတီအီးပီမြန်မာ့စီမံကိန်းအနေနဲ့ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေတဲ့ ဒေသတွေရဲ့ အခြေခံလိုအပ်ချက်တွေ၊ ပညာရေး၊ ယဉ်ကျေးမှုနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် အထူးဦးစားပေးဆောင်ရွက်မယ့် လူမှုစီးပွားလုပ်ဆောင်မှုအစီအစဉ်များစွာကို အကောင်အထည်ဖော်နေပါတယ်။ “စွမ်းအင်ပြည့်ဝသော အနာဂတ်များဆီသို့” ဆိုတဲ့ ကျွန်တော်တို့ရဲ့ ယုံကြည်ချက်အတိုင်း မြန်မာနိုင်ငံမှာ ကျွမ်းကျင်လုပ်သားလိုအပ်နေမှုကို ဖြေရှင်းပေးဖို့ ဆောင်ရွက်တဲ့ နည်းပညာစွမ်းရည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဟာလည်း ကျွန်တော်တို့ရဲ့လူမှုစီးပွားလုပ်ဆောင်မှု အစီအစဉ်တွေထဲက တစ်ခုပါ။” “အစီအစဉ်စတင်တဲ့ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ သင်တန်းသားစုစုပေါင်း ၉၂၉ ဦးကို သင်တန်းပို့ချချိန်ပေါင်း ၁၃၀,၀၀၀ နာရီကျော် ပို့ချပေးပြီးပါပြီ။ လုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးပြဌာန်းရေးအဖွဲ့ ရဲ့ စစ်ဆေးအကဲဖြတ်မှုကို အောင်မြင်ပြီးသူပေါင်း ၂၉၈ ဦး ရှိပါပြီ။ ၂၀၁၉ ခုနှစ်အတွက် သင်တန်းသားစုစုပေါင်း ၆၁၈ ဦးကို ကျွမ်းကျင်သင်တန်း နှင့် အကဲဖြတ်စစ်ဆေးမှုများတွင် ဆက်လက်ထောက်ပံ့ပေးသွားမှာပဲ ဖြစ်ပါတယ်။” ဟု အခမ်းအနားတွင် ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၏ ဒုဥက္ကဌဖြစ်သူ ဦးလင်းက “ကျွန်တော်တို့တိုင်းပြည် ပိုမိုတိုးတက်ဖွံ့ဖြိုးမှုနဲ့ အခြေခံအဆောက်အအုံစီမံချက်တွေကို စတင်လုပ်ဆောင်နေတာဖြစ်တဲ့အတွက်ကြောင့် ရေရှည်တိုးတက်မှုအတွက် ကျွမ်းကျင်လုပ်သားတွေက အလွန်အရေးပါပါတယ်။ ပီတီတီအီးပီမြန်မာ့စီမံကိန်းနဲ့ ပူးပေါင်းပြီး စွမ်းဆောင်ရည်တည်ဆောက်ပေးတဲ့အစီအစဉ်က ဒီလိုအပ်ချက်တွေကို ဖြေရှင်းဖို့ရည်ရွယ်ပါတယ်။ လက်ရှိမှာတော့ ဒီအစီအစဉ်အရ သင်တန်းပြီးဆုံးသူ ၈၀ ရာခိုင်နှုန်းကျော်လောက် အလုပ်အကိုင်ရရှိပြီးကြပါပြီ။ ပီတီတီအီးပီမြန်မာ့စီမံကိန်းရဲ့ ပံ့ပိုးကူညီမှုက တိုင်းပြည်အတွက် ကျွမ်းကျင်လုပ်သားထုတွေ ထုတ်လုပ်ပေးနေသလို ၂၀၁၈ ခုနှစ် အာဆီယံစီးပွားရေးအသိုက်အဝန်း AEC (ASEAN Economic Community) ရဲ့ မျှော်မှန်းချက်ဖြစ်တဲ့ လုပ်သားများ လွတ်လပ်စွာလုပ်ကိုင်ခွင့်ပြုရေး Free Flow Labour ဆီကိုလည်း ဦးဆောင်မှုပြုနေပါတယ်။ လုပ်သားတွေအနေနဲ့ မိမိတို့ရဲ့စွမ်းရည်တွေ ပိုမိုတိုးတက်အောင်ဆောင်ရွက်ရာမှာ ကူညီပေးနိုင်ဖို့နဲ့ နောင်လာမဲ့နှစ်တွင်လည်း ယခုလိုသင်တန်းများမှ ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင်တွေရရှိအောင် ကူညီပေးနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

အိမ်သုံးလျှပ်စစ်ပညာသင်တန်း အမှတ်စဉ် (၄) ကို တက်ရောက်ခဲ့ပြီးသည့် ကျောင်းသားတစ်ဦးဖြစ်သော မောင်သန့်ဇင်ဦးက “သင်တန်းကာလအတွင်းမှာ ကျွန်တော်တို့အနေနဲ့ အရည်အသွေးမြင့်ခေတ်မီပစ္စည်းတွေကိုသုံးပြီး တန်ဖိုးရှိတဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်တွေကို သင်ယူရရှိခဲ့ပါတယ်။ သင်တန်းပြီးမြောက်တဲ့အခါမှာလည်း အခုလိုအသိအမှတ်ပြုလက်မှတ်ပေးအပ်တဲ့ အခမ်းအနားကျင်းပပေးတဲ့အတွက် အလွန်ကျေးဇူးတင်ပါတယ်။ ဒီသင်တန်းကသင်ကြားခဲ့ရတဲ့ နည်းပညာရပ်တွေကို ကျွန်တော့်လုပ်ငန်းခွင်မှာရှိတဲ့သူတွေဆီ ပြန်လည်ဝေမျှပေးမှာပါ။” ဟု ပြောကြားခဲ့ပါသည်။