ပီတီတီအီးပီ မြန်မာ့စီမံကိန်း၏ ဆဌမအကြိမ်မြောက် ဇောတိကရန်ပုံငွေ ဂေါက်သီးရိုက်ပြိုင်ပွဲ နှင့် ပဥ္စမအကြိမ်မြောက် Safety, Security, Health and Environment Forum
5 Feb 2019
၅ ရက် ဖေဖော်ဝါရီလ ၂၀၁၉၊ ရန်ကုန်၊ မြန်မာ။ – လုပ်ငန်းဆောင်ရွက်ရာဒေသရှိ လူမှုအဖွဲ့အစည်းနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကဏ္ဍတွင် ပါ၀င်ကူညီပေးမည်ဟူသော ကတိကဝတ်ကို ဖြည့်ဆည်းသောအားဖြင့် ပီတီတီအီးပီမြန်မာ့စီမံကိန်းသည် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေး၊ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ဖလှယ်ကြသည့် ၂၀၁၉ SSHE Forum ကို ဦးဆောင်ကျင်းပခဲ့သလို ယခုဇန်နဝါရီလတွင် ကျင်းပသော ဇောတိကရန်ပုံငွေ ဂေါက်သီးရိုက်ပြိုင်ပွဲမှရရှိသော ရန်ပုံငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၃,၀၀၀ ကျော်ကို နွမ်းပါးချို့တဲ့သောကလေးငယ်များအား လှူဒါန်းခဲ့ပါသည်။
လူမှုအသိုင်းအဝိုင်းမှ နွမ်းပါးသောကလေးငယ်များ၏ အခြေခံလိုအပ်ချက်များကို ပံ့ပိုးပေးခြင်းနှင့် လူနေမှုအခြေအနေကို မြှင့်တင်ပေးခြင်း
ပီတီတီအီးပီသည် ရန်ကုန်မြို့ ဒဂုံစီးတီးဂေါက်ကွင်းတွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့က ကျင်းပခဲ့သောဆဌမအကြိမ်မြောက် ဇောတိကရန်ပုံငွေ ဂေါက်သီးရိုက်ပြိုင်ပွဲမှ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၃,၃၅၀ ကို တိုက်ကြီးမြို့နယ်သနပ်ချောင်းကျေးရွာရှိ မဟာဗောဓိ (YGW) ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ မတည်လှူဒါန်းပေးအပ်ခဲ့ပါသည်။ အဆိုပါငွေဖြင့် အဆောက်အဦးသစ်တစ်ဆောင် ဆောက်လုပ်ခြင်း၊ ဘုန်းတော်ကြီးကျောင်းတွင် နေထိုင်ကြသော ချို့တဲ့နွမ်းပါးသော ကလေးငယ် ၅၄၀ ဦးအတွက် အဝတ်အစားများ၊ တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်းများ၊ ကျောင်းလွယ်အိတ်များစသည့် လိုအပ်နေသောပစ္စည်းများ ၀ယ်ယူခြင်းတို့တွင် အသုံးပြုမည်ဖြစ်ပါသည်။
မဟာဗောဓိ (YGW) ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၏ ကျောင်းထိုင်ဆရာတော် ဥူးတေဇိန္နက “ဘုန်းဘုန်းတို့ကျောင်းကို ၂၀၀၄ ခုနှစ်မှာ သာသနာရေးဝန်ကြီးဌာနမှာ တရားဝင်မှတ်ပုံတင်ပြီး မိဘမဲ့ကလေးများကျောင်းအဖြစ် စတင်ခဲ့ပါတယ်။ Yellow Generation Wave အဖွဲ့အစည်းက တစ်နိုင်ငံလုံးမှာ ဖွင့်ထားတဲ့ကျောင်း ၁၇ ကျောင်းထဲက တစ်ကျောင်းအပါအဝင်ပါ။ လက်ရှိ ၂ လသားကနေ အသက်၂၀ အရွယ်ရှိ ချို့တဲ့နွမ်းပါးတဲ့ ကလေး ၅၃၆ ဦးကို စောင့်ရှောက်ထားပါတယ်။” ဟု မိန့်ကြားပါသည်။
“ကျောင်းကိုရေရှည်တည်တံ့အောင်ထိန်းသိမ်းဖို့နဲ့ ကလေးတွေကို ပညာသင်ကြားပေးဖို့အတွက် အများပြည်သူရဲ့ လှူဒါန်းမှုပေါ် ဘုန်းဘုန်းတို့ အများကြီးမှီခိုအားထားရပါတယ်။ လောလောဆယ်မှာ ကလေးတွေက ထန်းလက်မိုး၀ါးတဲလေးတွေမှာ မပြည့်မစုံနေနေရတော့ အထူးသဖြင့် မိုးတွင်းနဲ့ ဆောင်းတွင်းတွေမှာ အမိုးအကာ မလုံခြုံပါဘူး။ ဒါကြောင့်လည်း “ပီတီတီအီးပီမြန်မာ့စီမံကိန်းနဲ့ သူတို့ရဲ့ လုပ်ငန်းမိတ်ဖက်တွေရဲ့ ပါ၀င်လှူဒါန်းမှုက ဘုန်းဘုန်းတို့အတွက် အများကြီးအထောက်အပံ့ဖြစ်ပါတယ်။ ကလေးတွေကို တိုက်ရိုက်အကျိုးပြုတယ်။ သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘေးကင်းလုံခြုံပြီး အထောက်အကူဖြစ်တဲ့ ပတ်ဝန်းကျင်ကိုလည်း ပံ့ပိုးပေးနိုင်ပါတယ်။” ဟု ထပ်မံမိန့်ကြားခဲ့ပါသည်။
မြန်မာလူမှုဝန်းကျင်ရှိ ချို့တဲ့နွမ်းပါးသူကလေးများ၊ လူကြီးများ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းရန်နှင့် လူနေမှုပုံစံကို မြှင့်တင်ရန်အတွက် ၂၀၁၄ ခုနှစ်တွင် စတင်ခဲ့သော ဇောတိကရန်ပုံငွေ ဂေါက်သီးရိုက်ပြိုင်ပွဲသည် ပီတီတီအီးပီမြန်မာ့စီမံကိန်းက နှစ်စဉ်ပြုလုပ်သော ရန်ပုံငွေရှာဖွေသည့် လှုပ်ရှားဆောင်ရွက်မှုတစ်ခုဖြစ်ပါသည်။ ယခုနှစ်ပြိုင်ပွဲတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ PTTEP Thailand ရုံးချုပ်၊ ပီတီတီအီးပီမြန်မာ့စီမံကိန်း နှင့် လုပ်ငန်းမိတ်ဖက်များနှင့်အတူ ကန်ထရိုက်တာများ စုစုပေါင်း ၁၆၄ ဦး ၀င်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြသည်ကို တွေ့မြင်ရပါသည်။
ဇောတိကရန်ပုံငွေ ဂေါက်သီးရိုက်ပြိုင်ပွဲစတင်ကတည်းကဆိုလျှင် ပီတီတီအီးပီမြန်မာ့စီမံကိန်း နှင့် ၎င်း၏ လုပ်ငန်းမိတ်ဖက်များအနေဖြင့် မလိခအမျိုးသမီးလေ့ကျင့်ရေးကျောင်း၊ ကျိုက်ဝိုင်းအမျိုးသား လေ့ကျင့်ရေးကျောင်း၊ ဆုတောင်းပြည့်ဘုန်းတော်ကြီးကျောင်းနှင့် မိဘမဲ့ကျောင်း၊ နဝရတ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ လိုတရဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် မဟာဗောဓိ (YGW) ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့ အစရှိသော ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်း ၆ ကျောင်းအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၇၀,၀၀၀ ကျော်ကို မတည်လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။
ပီတီတီအီးပီမြန်မာ့စီမံကိန်း၏ အထွေထွေမန်နေဂျာဖြစ်သော Mr. Piya Sukhumpanumet က “မြန်မာနိုင်ငံမှာ ရေရှည်လုပ်ငန်းမိတ်ဖက်အဖြစ် လုပ်ကိုင်သူအနေဖြင့်လည်းကောင်း လုပ်ငန်းအဖွဲ့အစည်းကြီးရဲ့ လူမှုအသိုင်းအဝိုင်းဆိုင်ရာ နိုင်ငံသားရင်းနှီးမြှုပ်နှံသူတစ်ဦးအဖြစ်လည်းကောင်း ပြည်တွင်းရှိလူမှုအသိုင်းအဝိုင်းကို ပြန်လည်ထည့်ဝင်ကူညီတာက ကျွန်တော်တို့ရဲ့ ဦးစားပေးဆောင်ရွက်မှုတွေထဲက တစ်ခုပါ။ ပီတီတီအီးပီမြန်မာ့စီမံကိန်းအနေနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ လူမှုအသိုင်းအဝိုင်း၊ သဘာဝပတ်ဝန်းကျင်နဲ့ လူသားအရင်းအမြစ်နယ်ပယ်တွေကို ရေရှည်ထိန်းသိမ်းနိုင်တဲ့တိုးတက်ဖွံ့ဖြိုးမှုမှာ တစ်စိတ်တစ်ပိုင်းအဖြစ် ပါ၀င်ရတာ ဂုဏ်ယူမိပါတယ်။” ဟု ပြောကြားခဲ့ပါသည်။
လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနယ်ပယ် တိုးတက်ဖွံ့ဖြိုးရေးတို့တွင် ပါ၀င်ဆောင်ရွက်ခြင်း
ပီတီတီအီးပီမြန်မာ့စီမံကိန်းသည် ဇောတိကရန်ပုံငွေ ဂေါက်သီးရိုက်ပြိုင်ပွဲအပြင် Safety, Security, Health and Environment (SSHE) ဆွေးနွေးပွဲ ကျင်းပခြင်းဖြင့်လည်း မြန်မာနိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးမှုတွင် ပါ၀င်ခဲ့ပါသည်။
SSHE Forum သည် ပီတီတီအီးပီမြန်မာ့စီမံကိန်း၏ လုပ်ငန်းမိတ်ဖက်များနှင့် ကန်ထရိုက်တာများ အပါအဝင် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနယ်ပယ်မှ ကိုယ်စားလှယ်ဦးရေ ၄၀၀ ကျော် နှစ်စဉ်စုဝေးတွေ့ဆုံကြပြီး လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းမှုနှင့် သက်ဆိုင်သော မိမိတို့၏ ကျင့်သုံးဆောင်ရွက်ချက်များနှင့် အသိပညာများကို အချင်းချင်းဝေမျှဖလှယ်ကြရာ နေရာဖြစ်ပါသည်။
ဇန်နဝါရီလ ၁၈ ရက်နေ့ကကျင်းပခဲ့သော ယခုနှစ် Forum ကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအား နှင့်စီမံကိန်းဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးဟန်ဇော်တက်ရောက်ခဲ့ပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းခွင်များတွင် လုပ်ငန်းများဆောင်ရွက်နေစဉ်အတွင်း မကျေမနပ်တိုင်တန်းခြင်းများ ကင်းစင်ခြင်း၊ ဆီယိုဖိတ်မှုကင်းစင်ခြင်း နှင့် ထိခိုက်မှုလုံးဝကင်းစင်ခြင်းကို ဖော်ညွှန်းသည့် “SSHE Target Zero” သို့ ရောက်ရှိရေးတို့ကို အဓိကဦးစားပေး ဆွေးနွေးခဲ့ကြပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားနှင့်စီမံကိန်းဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးဟန်ဇော်က “ဒီနေ့မှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနနှင့် ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းနယ်ပယ်မှ ကုမ္ပဏီတွေက မျှဝေပေးမယ့် ရေရှည်တည်တံ့အောင်ထိန်းသိမ်းနိုင်တဲ့ သဘာဝပတ်ဝန်းကျင်အကြောင်းတွေ၊ ကျန်းမာရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အကောင်းဆုံးကျင့်ထုံးတွေကို ဦးစားပေး ဆွေးနွေးသွားပါမယ်။ ဒီဆွေးနွေးပွဲကနေ ရရှိမယ့် ကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကောင်းဆုံးလုပ်ထုံးလုပ်နည်းတွေ၊ သတင်းအချက်အလက်တွေကို မိမိတို့ရဲ့ လုပ်ငန်းခွင်တွေဆီ ပြန်လည်ယူဆောင်သွားပြီး လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းမှုဆိုင်ရာ စံချိန်စံညွှန်းတွေကို တိုးမြင့်အောင် ဆောင်ရွက်ကြဖို့ ကျွန်တော် အလေးအနက် တိုက်တွန်းပါတယ်။” ဟု ပြောကြားခဲ့ပါသည်။
အခမ်းအနားတွင် ပီတီတီအီးပီ၏ ထိပ်တန်းစီမံခန့်ခွဲရေးအဖွဲ့ကလည်း ပီတီတီအီးပီ၏ SSHE မျှော်မှန်းချက်ကို ပိုမိုခိုင်မာအောင်ဆောင်ရွက်ပေးပြီး ဤလုပ်ငန်းနယ်ပယ်အတွင်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို နည်းနိုင်သမျှ နည်းအောင်လျှော့ချရေးနှင့် လုပ်ငန်းခွင်တွင် အလုပ်လုပ်ကြသော လူတိုင်းဘေးကင်းလုံခြုံမှုသေချာစေရေးအတွက် ပူးပေါင်းပါ၀င်ဆောင်ရွက်ကြရန် တက်ရောက်လာကြသူ အားလုံးကို တိုက်တွန်းခဲ့ပါသည်။