ပီတီတီအီးပီမြန်မာ့စီမံကိန်းက အဆင့်မြင့်သက်မွေးပညာဒီပလိုမာပညာသင်ဆု ဒုတိယအသုတ်သင်တန်းပြီးဆုံးသူများအား ဝမ်းမြောက်ဂုဏ်ယူကြောင်းပြောကြား
5 Apr 2018
၀၅ ဧပြီ ၂၀၁၈။ ရန်ကုန်။ မြန်မာ – ၂၀၂၀ ပြည့်နှစ်အရောက်တွင် ပီတီတီအီးပီမြန်မာ့စီမံကိန်းအနေဖြင့် ၎င်း၏ မြန်မာနိုင်ငံလုပ်သားအင်အားစုကို ပြည်တွင်းဝန်ထမ်း ၇၅ ရာခိုင်နှုန်းအထိရှိလာရန် စီစဉ်ထားပါသည်။ လက်ရှိတွင် ပီတီတီအီးပီမြန်မာ့စီမံကိန်း၏ လုပ်သားအင်အား ၅၅ ရာခိုင်နှုန်းခန့်မှာ ပြည်တွင်းဝန်ထမ်းများဖြစ်ကြပါသည်။ ပီတီတီအီးပီ၏ အဆင့်မြင့်သက်မွေးပညာဒီပလိုမာပညာသင်ဆု High Vocational Diploma (HVD) Scholarship အစီအစဉ်မှ ဒုတိယအသုတ်မြန်မာကျောင်းသားများအား သင်တန်းဆင်းအခမ်းအနားတွင် ပီတီတီအီးပီအင်တာနေရှင်နယ်လီမိတက် ရန်ကုန်ရုံးခွဲမှ အထွေထွေမန်နေဂျာ Mr. Piya Sukhumpanumet က ဤသို့ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပါသည်။ အခမ်းအနားကို ထိုင်းနိုင်ငံ ရာယွန်ရှိ IRPC Technological College (IRPCT) နည်းပညာကောလိပ်တွင် ၂၀၁၈ ခုနှစ် မတ်လ ၂၈ ရက်နေ့က ကျင်းပခဲ့ပါသည်။
Mr. Piya က “မြန်မာနိုင်ငံမှာ ကျွန်တော်တို့ရဲ့လုပ်ငန်းတွေလည်ပတ်နေတဲ့ ၂၉ နှစ်တာကာလပတ်လုံး ပီတီတီအီးပီမြန်မာ့စီမံကိန်းအနေနဲ့ လုပ်ငန်းအတွက်ရော၊ တိုင်းပြည်ရဲ့တိုးတက်ဖွံ့ဖြိုးမှုအတွက်ပါ ကျွမ်းကျင်ပြီး အရည်အသွေးပြည့်ဝတဲ့ လုပ်သားအင်အားစုကို တည်ဆောက်နိုင်ရေးမှာ ရင်းနှီးမြှုပ်နှံမှုအများအပြား ပြုလုပ်ထားပါတယ်။ ကျွန်တော်တို့ရဲ့ဝန်ထမ်းတွေသာမက မြန်မာလုပ်သားအင်အားထုတစ်ခုလုံးပါ တိုးတက်ဖွံ့ဖြိုးစေဖို့အတွက် HVD ပညာသင်ဆုအစီအစဉ်နဲ့ အသက်မွေးမှုအလုပ်အကိုင် တိုးတက်ဖွံ့ဖြိုးမှုအစီအစဉ် Career Development Program [1] တို့လို ကနဦးစတင်ဆောင်ရွက်မှု အမျိုးမျိုးကိုလည်း အကောင်အထည်ဖော်ထားပါတယ်။ “HVD ဒုတိယအသုတ်ကျောင်းသားလေးတွေကို ဒီနေ့ မျက်မြင်ကိုယ်တွေ့ဆုံရတဲ့အတွက် ဝမ်းသာပါတယ်။ သူတို့ရဲ့အောင်မြင်မှုအတွက် တစ်ယောက်ချင်းစီတိုင်းကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်” ဟု ပြောကြားခဲ့ပါသည်။
အခမ်းအနားတွင်သင်တန်းပြီးဆုံးသော ကျောင်းသား ၃၁ ဦးသည် မြန်မာနိုင်ငံ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးရုံး၏ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဌေးအောင်၊ မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာန နည်းပညာနှင့် သက်မွေးပညာဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနေမျိုးထွန်း၊ ပီတီတီအီးပီ၏ နိုင်ငံတကာမဟာဗျူဟာနှင့် တိုးတက်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ Executive Vice President ဖြစ်သူ Mr. Nopporn Chuchinda နှင့် Mr. Piya တို့ထံမှ ဒီပလိုမာလက်မှတ်များ လက်ခံရရှိခဲ့ပါသည်။
HVD ပညာသင်ဆုအစီအစဉ်သည် အစိုးရစက်မှုလက်မှုသိပ္ပံ (AGTI) မှ မြန်မာကျောင်းသားများအား ပီတီတီအီးပီမှ အပြည့်အဝကမ်းလှမ်းပေးအပ်သည့် နှောင်ကြိုးမဲ့ပညာသင်ဆုအစီအစဉ်ဖြစ်ပါသည်။ အဆိုပါ အစီအစဉ်အရ ကျောင်းသားများသည် ထိုင်းနိုင်ငံ IRPCT ကျောင်းတွင် သက်မွေးပညာရပ်သင်တန်းကို လေးနှစ်ကြာ သင်ယူရပါသည်။
လျှပ်စစ်စွမ်းအားနှင့်အီလက်ထရောနစ်ပညာ၊ စက်မှုပုံဆွဲပညာ၊ ဂဟေဆော်ခြင်းနှင့် CNC[2] machining စက်ပညာစသည့် စက်မှုလုပ်ငန်းကုန်သွယ်မှုများအတွက် လိုအပ်သည့်လုပ်ငန်းခွင်တွင် အချင်းချင်းဆက်သွယ်မှုနှင့် နည်းပညာစက်မှုပညာရပ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုများဖြင့် သင်တန်းသားများအားပြည့်ဝအောင် ဖြည့်ဆည်းပေးနိုင်ရန် စာသင်ခန်း၊ လက်တွေ့နှင့် အလုပ်သင်လေ့ကျင့်သင်ကြားမှုတို့ပေါင်းစပ်ထားသော သင်ရိုးညွှန်းတမ်းကို ရေးဆွဲပုံဖော်ထားပါသည်။ ကိုယ်ပိုင်ငွေကြေးစီမံခန့်ခွဲမှု၊ စီးပွားရေးလုပ်ငန်းနှင့် စွန့်ဦးတီထွင်လုပ်ငန်းများအတွက်လည်း ကျောင်းသားများအား လေ့ကျင့်သင်ကြားပေးပါသည်။
Mr. Piya က “HVD သင်တန်းပြီးမြောက်သူတွေအပေါ်ထားတဲ့ ကျွန်တော်တို့ရဲ့မျှော်လင့်ချက်ကတော့ ဒီသင်တန်းက သူတို့အနာဂတ်အတွက်အခွင့်အလမ်းကောင်းတွေ ပိုမိုဆောင်ကြဉ်းပေးလာပြီး မြန်မာနိုင်ငံ ရေရှည်တိုးတက်ဖွံ့ဖြိုးမှုကို မောင်းနှင်ပေးမယ့် အလုပ်အကိုင်ကောင်းတွေ ပွင့်လမ်းလာမယ်ဆိုတာပါပဲ။ မြန်မာနိုင်ငံရဲ့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ရတာကို ကျွန်တော်တို့ ဂုဏ်ယူဝမ်းမြောက်ရပါတယ်။ မြန်မာ့လူသားအရင်းအမြစ်ရှင်သန်ဖွံ့ဖြိုးဖို့ အစိုးရနဲ့အတူ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင်သွားဖို့ ကျွန်တော်တို့မျှော်လင့်ပါတယ်” ဟု ရှင်းလင်း ပြောကြားခဲ့ပါသည်။
ပီတီတီအီးပီမြန်မာ့စီမံကိန်း နှင့်၎င်း၏လုပ်ငန်းခွဲ subsidiaries [3] များက စတင်ဖော်ဆောင်ခဲ့သော HVD ပညာသင်ဆုအစီအစဉ်ကို မြန်မာနိုင်ငံ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့၏ ပံ့ပိုးမှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ၂၀၁၃ ခုနှစ်တွင်စတင်ခဲ့ပါသည်။ ယနေ့အချိန်အထိ AGTI ကျောင်းသားပေါင်း ၁၃၀ ကို ပညာသင်ဆုအပ်နှင်းထားပြီး အစီအစဉ်ပြီးဆုံးအောင်မြင်သူ မြန်မာ HVD ပညာသင် ၆၈ ဦး ရှိသွားပြီဖြစ်ပါသည်။
ဦးဌေးအောင်က “ဒီကနေ့သင်တန်းဆင်းအခမ်းအနားက မြန်မာနိုင်ငံ နဲ့ ထိုင်းနိုင်ငံကြား အထူးကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှု နမူနာပါပဲ။ ဒီလိုပညာသင်ဆုအစီအစဉ်မျိုးကို နောက်လာမယ့်နှစ်များစွာထိ ပီတီတီအီးပီက ဆက်လက်ပံ့ပိုးကူညီပေးမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။
ဒေါက်တာနေမျိုးထွန်းက “ပညာရေးဆိုတာ စာသင်ခန်းထဲမှာပဲ ဖြစ်ပေါ်တာမဟုတ်ပါဘူး။ ကိုယ်တိုင်သင်ယူ လေ့လာမှု မရပ်သ၍၊ ကိုယ့်ရဲ့ စိတ်ဝင်စားမှု၊သိမှုနယ်ပယ်ကိုချဲ့ထွင်မှုမရပ်သ၍ ပညာကို နေရာတိုင်းကနေ ဆည်းပူးရရှိနိုင်ပါတယ်။ ပီတီတီအီးပီအတွက် အလုပ်လုပ်သည်ဖြစ်စေ၊ တခြားသောကုမ္ပဏီတွေအတွက် အလုပ်လုပ်သည်ဖြစ်စေ သင်တန်းသားအားလုံးပဲ လက်တွေ့လုပ်ငန်းအတွေ့အကြုံတွေကို အဆုံးစွန်ဖမ်းဆုပ်ရယူနိုင်တဲ့ အခွင့်အရေးတွေ ရရှိကြပါစေ၊ မဝေးတော့တဲ့ အနာဂတ်မှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် တစ်စိတ်တစ်ပိုင်းပံ့ပိုးပါဝင်ကူညီနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့ပါသည်။
- ပြီး –
[1] PTTEP Myanmar Asset ၏ Career Development Program ကို ၂၀၁၆ ခုနှစ်တွင် စတင်ခဲ့ပါသည်။ ဤအစီအစဉ်သည် သင်တန်းပို့ချခြင်းများ၊ အလုပ်သင်လေ့ကျင့်တာဝန်ချပေးခြင်းများမှတစ်ဆင့် PTTEP Myanmar ဝန်ထမ်းများ၏ နည်းပညာစွမ်းဆောင်ရည်များနှင့် soft skills များကို တိုးမြှင့်ပေးရန်ရည်ရွယ်ပါသည်။ ဤအစီအစဉ်အရ မြန်မာဝန်ထမ်း ၁၀ ဦးကို အလုပ်လုပ်ရင်းထပ်မံလေ့ကျင့်တာဝန်ပေးရန်အတွက် ထိုင်းနိုင်ငံရှိ PTTEP ရုံးချုပ်သို့ စေလွှတ်ထားပြီးဖြစ်ပါသည်။
[2] CNC (Computer numerical control) machining ဟူသည် စက်ပစ္စည်းကိရိယာများကို ထိန်းချုပ်ရန်အတွက် ကွန်ပျူတာများအသုံးပြုခြင်း ပါဝင်သည့် ကုန်ထုတ်လုပ်ရေးကဏ္ဍတွင်အသုံးပြုသော လုပ်ငန်းစဉ်တစ်ခုဖြစ်ပါည်။
[3] PTT Group ၏ လုပ်ငန်းခွဲများတွင် PTT, PTTEP, Thai Oil Public Company Limited, PTT Global Chemical Public Company Limited နှင့် Global Power Synergy Plc. တို့ ပါဝင်ပါသည်။